ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
တစ်သက်တာလုံး ကျန်းမာတဲ့ သွားနဲ့ခံတွင်းကို ပိုင်ဆိုင်ချင်ပါသလား။ ဒီစိတ်ကူးလေး ပြည့်ဝအောင်မြင်စေဖို့က အရမ်းကြီးတော့ မခက်ခဲပါဘူး။ သွားကိုထိခိုက်စေနိုင်တဲ့ အစားအစာတွေကိုရှောင်ရှားဖို့ပါ။ အခုတစ်ခေါက်တော့ သွားကောင်းကောင်းနဲ့အစားကောင်းကောင်းစားနိုင်စေဖို့ အတွက် ခံတွင်းကျန်းမာရေးကောင်းစေဖို့ ရှောင်ရှားရမယ့် အစားအသောက်လေးတွေအကြောင်းပြောပြပေးပါရစေ။
ဒီအစားအစာတွေက သွားနဲ့ခံတွင်းကိုထိခိုက်စေနိုင်ပါတယ်
နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ သွားတွေကိုထိခိုက်စေတဲ့ အစားအစာတွေများပါနေပြီလားသိချင်ရင် အခုပြောမယ့်အချက်လေးတွေနဲ့ ဆန်းစစ်ကြည့်လိုက်ပါနော်။
(၁) အချဉ်ဓာတ်ပါတဲ့ ချိုချဉ်တွေ
အချဉ်ဓာတ်ပါတဲ့ ချိုချဉ်တွေက သွားနဲ့ခံတွင်းကို ထိခိုက်စေနိုင်တယ်ဆိုတာ ပြောနေစရာတောင်မလိုအောင်ပါ။ ဒီသကြားလုံးတွေမှာပါတဲ့ အက်ဆစ်ကသွားကြွလွှောတွေကို ပျက်စီးစေနိုင်သလို သွားပိုးစားနိုင်ခြေကိုလည်း ပိုများစေနိုင်ပါတယ်။
(၂) ပေါင်မုန့်
ပေါင်မုန့်မှာပါတဲ့ ကစီဓာတ်နဲ့သကြားဓာတ်တွေက သွားမှာကပ်ကျန်နေပြီး ပေါင်မုန့်စလေးတွေကသွားကြားထဲမှာ ကျန်နေတာမျိုးဖြစ်စေနိုင်တာကြောင့် သွားပိုးစားတာနဲ့ သွားတွေထိခိုက်ပျက်စီးတာမျိုးကို ဖြစ်စေနိုင်ပါတယ်။ ပေါင်မုန့်က အချိုဓာတ်သိပ်မပါရင်တောင်မှ ကစီဓာတ်ပါဝင်နေတာကြောင့် သွားတွေကို ထိခိုက်ပျက်စီးစေနိုင် ပါတယ်။
(၃) အယ်လ်ကိုဟော
အယ်လ်ကိုဟောက ကျန်းမာရေးနဲ့မညီညွတ်ဘူးဆိုတာကိုတော့ သိထားပြီးဖြစ်မှာပါ။ အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေက ခံတွင်းခြောက်စေပြီး သွားနဲ့ခံတွင်းကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။ ခံတွင်းထဲမှာ တံထွေးနည်းလာတာကြောင့် သွားတွေထဲမှာ စားကြွင်းစားကျန်တွေ ကပ်ကျန်နေနိုင်သလို သွားတွေပျက်စီးတာ၊သွားဖုံးရောဂါနဲ့ အခြားခံတွင်းရောဂါတွေကို ခံစားရနိုင်ပါတယ်။
(၄) အချိုရည်တွေ
အချိုရည်တွေမှာ အက်ဆစ်ပါဝင်နေတာကြောင့် သွားအပေါ်ယံကြွလွှောတွေကို ပျက်စီးစေနိုင်ပါတယ်။ ကာဗိုဟိုက်ဒရိတ်ပါဝင်နေတဲ့ အချိုရည်တွေက ခံတွင်းခြောက်စေနိုင်ပြီး သွားတွေကိုလည်း အရောင်စွန်းထင်းစေနိုင်ပါတယ်။ သတိထားရမှာနောက်တစ်ချက်က ကာဗိုဟိုက်ဒရိတ်ပါတဲ့ အချိုရည်သောက်ပြီးပြီးချင်း သွားမတိုက်ပါနဲ့။
(၅) ရေခဲ
ရေခဲက ဘာမှမပါတဲ့ ရေပဲဆိုပေမယ့် ရေခဲက မာကျောတာကြောင့် သွားကြွလွှောတွေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ရေခဲဝါးစားတာက အခန့်မသင့်ရင် သွားပဲ့တာ၊ သွားကျိုးတာမျိုးတွေအထိဖြစ်စေနိုင်ပါတယ်။
(၆) အချဉ်သီးတွေ
လိမ္မော်သီး၊ ဂရိတ်ဖရု နဲ့ သံပရိုသီး၊ သံပရာသီးတို့လိုမျိုး အချဉ်သီးတွေက ဗီတာမင် C ကြွယ်ဝစွာပါဝင်နေတောကြောင့် ကိုယ်ခံအားကောင်းစေတယ်ဆိုပေမယ့် သွားကေကြွလွှာကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။
(၇) အာလူးကြော်
အာလူးကြော်က ကြွပ်ကြွပ်လေးနဲ့ ဝါးလို့ကောင်းပေမယ့် အာလူးကြော်မှာပါတဲ့ ကစီဓာတ်နဲ့ အချိုဓာတ်တွေက သွားတွေကို ထိခိုက်ပျက်စီးစေနိုင်ပြီးသွားချေးတွေကိုဖြစ်စေတာကြောင့် ပါးစပ်ထဲမှာ ဘက်တီးရီးယားတွေ အလွယ်တကူပေါက်ဖွားစေနိုင်ပါတယ်။
(၈) အသီးခြောက်တွေ
သစ်သီးခြောက်တွေက ကျန်းမာရေးနဲ့ညီညွတ်တဲ့ သရေစာဆိုပေမယ့် ကပ်စေးစေးနိုင်တဲ့ သစ်သီးခြောက်တွေက သွားတွေမှာ ကပ်ငြိနေပြီး အချိုဓာတ်ပါတာကြောင့် သွားတွေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် အသီးခြောက်တွေစားပြီးတိုင်း သွားတိုက်တာ၊ ပလုတ်ကျင်းတာတွေလုပ်ဖို့မမေ့ပါနဲ့။
သွားကျန်းမာဖို့ ဘာတွေစားမလဲ
သွားနဲ့ခံတွင်းကျန်းမာစေဖို့အတွက်
- အခွံမာသီးတွေ
- အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ
- အချိုမပါတဲ့ လက်ဖက်ရည်၊ ကော်ဖီ
- သစ်သီး
- ခရမ်းချဉ်သီးနဲ့ မုန်လာဥနီ
- ကြက်သား
- ပဲပြား တို့ကိုစားသုံးပေးသင့်ပါတယ်။
ကြာကြာဝါးမယ့်သွားလေးတွေ အတွက် အခုပြောပြခဲ့တဲ့အတိုင်း ဆောင်စရာကိုဆောင်လို့ ရှောင်စရာကိုရှောင်ကြဖို့ တိုက်တွန်းပါရစေ။ သွားကောင်းကောင်းနဲ့ အစားကောင်းကောင်းစားနိုင်ကြပါစေကြောင်း………..
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
-------------
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”