တောင်ငူ မေ ၁၀
ခပေါင်းရေလှောင်တမံသည် ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်အတွင်း တည်ရှိပြီး ကန်ရေပြည့် ရေလှောင်ပမာဏမှာ ဧက ပေ ၈၇၈၅၇၀ ဖြစ်ပြီး နှစ်စဉ် နွေစပါးနှင့် နွေသီးနှံများကို ဆည်ရေပေးဝေလျက်ရှိသည်။
ခပေါင်းဆည် ရေသောက်ဧရိယာအတွင်း ၂၀၂၅-၂၀၂၆ ခုနှစ် နွေစပါးလျာထားဧက ၂၇၄၄၄ ဧကနှင့် နွေသီးနှံလျာထားအား ၁၂၅၄၆ ဧကဖြစ်ပြီး တောင်ငူမြို့နယ်တွင် နွေစပါးလျာထားဧက ၁၂၆၀၈ ဧကနှင့် နွေသီးနှံလျာထား ဧက ၆၇၃ ဧက စုစုပေါင်း ၅၃၂၇၁ ဧကကို စိုက်ပျိုးရေပေးဝေလျက်ရှိသည်။ ခပေါင်းဆည်ရေသောက်၏ မေ ၁၀ ရက် ရေသိုလှောင်ပမာဏမှာ ၃၅၁၅၉၆ ဧကပေဖြစ်ပြီး နွေစပါးနှင့် နွေသီးနှံစိုက်ဧကများအတွက် စိုက်ပျိုးရေလုံလောက်စွာ ဆက်လက်ပေးဝေနိုင်မည်ဖြစ်သည်။
ခပေါင်းဆည်ရေသောက်စနစ်အတွင်း နှစ်စဉ်နွေရာသီ သီးနှံစိုက်ပျိုးနိုင်ရေး ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်နိုင်ရေးနှင့် ဆည်ရေပေးဝေမှုစနစ်များ ကောင်းမွန်စေရေးအတွက် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဌာနအနေဖြင့် တူးမြောင်း အဆောက်အအုံများ ရေရှည်တည်တံ့ခိုင်မြဲစေရန် ပုံမှန်ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇော်ကိုကို(တောင်ငူ)


