နေပြည်တော် ဇန်နဝါရီ ၁၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန် နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်နှင့် အုတ်တွင်းမြို့နယ်အတွင်း ခပေါင်းဆည်ရေသောက်စနစ် နွေစပါးစိုက်ပျိုးရေပေးဝေနေမှုကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက ပဲခူးတိုင်းဒေသကြီးအရှေ့ခြမ်းတွင် စိုက်ပျိုးရေ ပေးဝေ၍ စိုက်ပျိုးလျှက်ရှိသည့်အခြေအနေနှင့် ရေပေးဝေနိုင်ရေးစီမံထားရှိမှုများကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက နွေစပါး၊ နွေသီးနှံရာသီတွင် လျာထားဧကများ ပြည့်မီပြီး အောင်မြင်ဖြစ်ထွန်းသည်အထိ စိုက်ပျိုးရေအလုံအလောက်ရရှိရေး၊ သီးနှံအလိုက်ပန်းတိုင် အထွက်နှုန်းရရှိရေး ဆွေးနွေးမှာကြားသည်။
ထို့နောက် ခပေါင်းဆည်ရေသောက်စနစ် နွေစပါးစိုက်ပျိုးရေပေးဝေနေမှုနှင့် အုတ်တွင်းမြို့နယ် ဥယျာဉ်တော်ကျေးရွာတွင် စိုက်ပျိုးအောင်မြင်လျက်ရှိသော အသက်ရက် (၃၀) ရှိ ဆီထွက်သီးနှံ နေကြာစူပါဆန်း (၄၁) (၁၆) ဧက စိုက်ခင်းကို ကြည့်ရှုစစ်ဆေးပြီး ပန်းတိုင်အထွက် ရရှိရေးနှင့် နေကြာအစေ့အဆံပြည့်ဝအောင်မြင်ရေးအတွက် အထောက်အကူပြုစေသည့် ပျားမွေးမြူရေးပျားပုံးများကို လိုအပ်သည့်အချိန်တွင် ချထားနိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဌာန တည်ဆောက်ရေး (၉) အစည်းအဝေးခန်းမ၌ ဝန်ကြီးဌာနအောက်ရှိ တိုင်းဒေသကြီးဦးစီးမှူးများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


