ဧပြီ ၃၀

၂၀၁၂ ခုနှစ်တွင်     စိုင်းစိုင်းခမ်းလှိုင်၏  "အိုအိုဟော့တယ်"တွင် ပါဝင်သီဆို သရုပ်ဆောင်ခဲ့ပြီး အနုပညာ လောကသို့ ဝင်ရောက်လာခဲ့သည့် ခင်သဇင်က ပရိသတ်များအတွက် ပထမဆုံးတစ်ကိုယ်တော်စီးရီး ခပ်ချေချေ ကို မေလတွင် စတင်ဖြန့်ချိပေးမည်ဖြစ်ကြောင်း သိရသည်။

“အနုပညာအလုပ်တွေကို လုပ်ဖြစ်နေတာတော့ ကြာပါပြီ။ ကိုစိုင်းရဲ့ လက်တွဲခေါ်မှုကနေ စတင်ခဲ့တာပါ။ အခုလည်း ကျွန်မရဲ့ လူမှုရေး အခက်အခဲတွေလည်း ပြေလည်သွားတဲ့အတွက် ပြန်ပြီးစလုပ်ဖြစ်ခဲ့တယ်။ အနုပညာ လောကကို ၂၀၁၂ခုနှစ်မှာ စတင်ဝင်ရောက်ခဲ့ပါတယ်။ ၂၀၁၆ မှာတော့ ကြော်ငြာလေးတွေ လက်ခံရိုက်ကူးဖြစ်ခဲ့သေးတယ်။ နောက်ပိုင်းမှာ ပြည်ပကိုလည်း ထွက်ခွာပြီး ကျောင်းလည်း တက်ဖြစ်တော့ အနုပညာနဲ့ အဆက်အသွယ် ပြတ်သွားခဲ့တယ်။ အခုတော့ အနုပညာအလုပ်တွေ စပြီး ကြိုးစားလုပ်ဆောင်နေပါတယ်”ဟု ခင်သဇင်က ပြောသည်။

ခပ်ချေချေ တေးစီးရီးကို ဖန်တီးဖြစ်ခဲ့ပုံနှင့် ပတ်သက်ပြီး "အမှန်အတိုင်းပြောရရင် ညီမက သီချင်းဆိုရတာ အရမ်းဝါသနာကြီးတယ်၊ ပြီးတော့ ဂီတဆိုတာ ကမ္ဘာပေါ်မှာရှိသမျှ လူသားတွေအားလုံး ကြိုက်ကြတာပဲလေ။ ဒါပေမယ့် အဆိုတော် တစ်ယောက်ဖြစ်ဖို့ဆိုတာ အင်မတန် မလွယ်ဘူးဆိုတာ ညီမသေချာ သိလိုက်ရတယ်။ နေ့စဉ်လိုလို သီချင်းတွေကို လေ့လာသီဆိုမှု၊ ဂီတဆိုမှဂီတ  အဲ့လိုမျိုးစိတ်ထားပြီး ရူးရူးမူးမူး လုပ်နိုင်ရမယ်၊ ညီမအနေနဲ့တော့  အဆိုတော် တစ်ယောက်အဖြစ်လို့ မခံယူဘဲ အနုပညာကိုမြတ်နိုးတဲ့ သရုပ်ဆောင် တစ်ယောက်အဖြစ် ကိုယ်ပိုင်သံစဉ်လေးတွေ အစကတည်းက ဖန်တီးချင်ခဲ့သူတစ်ယောက်ပါ။ သီချင်းချိုချိုလေး တွေကိုကြိုက်တဲ့ ညီမအတွက် ဒီအထဲက သီချင်းလေးတွေကို သေချာထိန်းပြီး သီဆိုထားပါတယ်" ဟု ပြောကြားခဲ့သည်။

အဆိုပါ တေးစီးရီးတွင် တေးသီချင်းရှစ်ပုဒ်ပါဝင်ပြီး ကိုယ်ပိုင်သံစဉ်တေးသီချင်းသစ်များအပြင် တေးရေး ဝေကြီး၊ မှုံကြီး၊ ဖိုးကာ၊ စောဖြိုးဝေကျော်၊ ကျော်ဇင်လတ်တို့ ရေးသားထားသည့် အချစ်သီချင်းများလည်း ပါဝင်ကြောင်း သိရသည်။

ကိုလင်း