မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ် (MECA) က ကြီးမှူးကျင်းပသည့် ခရစ္စမစ်အကြို ကျေးဇူးတော်ချီးမွမ်းခြင်းနှင့် ညစာစားပွဲအထိမ်းအမှတ် အခမ်းအနားကို ယနေ့ညနေ ၅ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ၄၈ ရပ်ကွက် အမှတ်(၁၆၆)ရှိ ယုံကြည်သူများ အသင်းတော်၌ ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ် (MECA) မှ တာဝန်ရှိသူများက သမ္မာကျမ်းဖတ်ကြားခြင်း၊ ချီးမွမ်းသီချင်းသီဆိုခြင်း၊ အဖွင့်ဆုတောင်းခြင်း၊ အကြိုနှုတ်ခွန်းဆက်စကား ပြောကြားခြင်းနှင့် ခရစ္စမတ်နှုတ်ခွန်းဆက် စကားပြောခြင်းတို့ကို ဆောင်ရွက်ကြသည်။
ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ခရစ်တော်၏ မွေးနေ့တော်အတွက် နှုတ်ခွန်းဆက်အမှာစကား ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံခရစ်ယာန် အသင်းတော်များကောင်စီ အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရဆရာ မန်းပါမာစတန်က ခရစ္စမတ်ဒေသနာ ဟောကြားပြီး၊ ဆရာစံပီးနှင့်အဖွဲ့က အထူးသီချင်းသီဆိုကာ၊ Bishop Dr. Ral Buai က အထူးခရစ္စမတ်ဒေသနာ ဟောကြားသည်။
ယင်းနောက် Rev. Dr အောင်မန်းက အထူးဆုတောင်းခြင်း၊ မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ် (MECA) ဥက္ကဋ္ဌ Rev. Dr အေးမင်းက ခရစ္စမတ်ဒေသနာ ဟောကြားခြင်း၊ ကျေးဇူးတင်စကားပြောကြားခြင်းနှင့် Rev. Dr ဦးညွန့်လှက ဓမ္မသီချင်းသီဆိုကြသည်။
(သတင်းစဉ်)