mdn

ပဲခူး၊ ဒီဇင်ဘာ ၂၆

ဒီဇင်ဘာ ၂၅ ရက် ခရစ်စမတ်နေ့တွင် ပဲခူးမြို့ ကမ္ဘောဇသာဒီရွှေနန်းတော်သို့ လာရောက်လေ့လာ အပန်းဖြေကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ကမ္ဘောဇသာဒီရွှေနန်းတော် ဘမရာသဏပလ္လင်ဆောင်အနီးတွင် လာရောက်လေ့လာ အပန်းဖြေကြသည့် ပြည်သူများ အမှတ်တရဓာတ်ပုံရိုက်နိုင်ရန် ခရစ်စမတ်အထိမ်းမ်းအမှတ် ကျောက်တိုင် (Christamas Pillar) ပုံစံပြုလုပ်ပေးထားရာ လာရောက်ကြသူပြည်သူများ စိတ်အေးချမ်းပျော်ရွှင်စွာဖြင့် အမှတ်တရဓာတ်ပုံများ ရိုက်လျက်ရှိသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။

“ခရစ်စမတ်ကျောက်တိုင်က ဒီဇင်ဘာ ၉ ရက်နေ့ကတည်းက ပြုလုပ်ပေးထားတာပါ၊ ခရစ်စမတ်နေ့ မတိုင်ခင်ကတည်းက လာရောက်အပန်းဖြေကြသူတွေ အမှတ်တရ ဓာတ်ပုံလာရိုက်ကြတယ်၊ ခရစ်စမတ်နေ့ကတော့ လာရောက်ကြသူတွေ ပိုများပါတယ်” ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကမ္ဘောဇသာဒီရွှေနန်းတော်သို့ လာရောက်လေ့လာ အပန်းဖြေကြသူများသည် ဘမရသဏပလ္လင်ဆောင်၊ ရွှေနန်းတော်ဆောင်၊ ပြတိုက်၊ ဘုရင့်နောင်မင်းတရားကြီး၏ မိဖုရားခေါင် ခင်ခင်ကြီး၏ နန်းဆောင်၊ ကလျာဏီမင်းသမီးနန်းဆောင်တို့အား လေ့လာခြင်း၊ နန်းတော်အတွင်း ဈေးဆိုင်တန်းမှ အစားအသောက်များ ဝယ်ယူစားသောက်နားနေခြင်း၊ အမှတ်တရဓာတ်ပုံရိုက်ခြင်းတို့ဖြင့် အေးချမ်းစွာ အနားယူအပန်းဖြေခဲ့ကြကြောင်း သိရသည်။

“နန်းတော် စဖွင့်တဲ့အချိန်ကတည်းက ဝင်ရောက်လေ့လာ အပန်းဖြေ အနားယူနေတာ၊ နန်းတော်ပိတ်မှ အေးအေးဆေးဆေး ပြန်ကြမယ်၊ ဟိုမှာလေ ခလေးတွေက ပြေးလိုက်လွှားလိုက် စားလိုက် ဓာတ်ပုံရိုက်လိုက်နဲ့ ပျော်နေကြတာ၊ ဝိုင်ဖိုင်(wifi)လဲ အခမဲ့သုံးလို့ရတော့ ခလေးတွေက ဓာတ်ပုံရိုက်လိုက် လိုင်းတင်လိုက်နဲ့၊ လာရောက်ကြတဲ့ ပြည်သူတွေ စိုးရိမ်မှုမရှိ အေးချမ်းနေကြတာ ဝမ်းသာစရာပါပဲ”ဟု ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်မှ မိသားစုလိုက် လာရောက်လေ့လာ အပန်းဖြေသူ ဦးလှမြင့်က ပြောသည်။

မောင်ယဉ်ဦး