မြစ်ကြီးနား၊  ၂၂   ဒီဇင်ဘာ

ဒီဇင်ဘာ ၂၅ ရက်တွင် ကျရောက်မည့် ခရစ်တော်၏မွေးနေ့အခါသမယ ခရစ္စမတ်နေ့အထိမ်းအမှတ်ကို မြစ်ကြီးနားမြို့ပေါ်တွင် ကြိုတင်ပြင်ဆင်မှုများရှိထားပြီး လက်ရှိဖြစ်ပွားနေသည့် Covid-19 ရောဂါ ကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည့် ရောဂါကြိုတင် ကာကွယ်ရေး စည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြစ်ကြီးနားမြို့ ကချင် နှစ်ခြင်း ခရစ်ယာန် အသင်းတော်မှ သိရသည်။

ကချင်ပြည်နယ်တွင် ခရစ်ယာန်ဘာသာဝင်များဖြစ်သည့် ဒေသခံတိုင်းရင်းသားများနေထိုင်ကာ ခရစ်ယာန် ဘာသာတွင်လည်း နှစ်ခြင်း၊ ကက်သလစ်နှင့် အင်္ဂလီကန်ဂိုဏ်းဟူ၍ အသင်းတော်များ အသီးသီးကွဲပြားခြားနားသော်လည်း ဒီဇင်ဘာ ၂၅ ရက်တွင် ကျရောက်မည့် ခရစ္စမတ်နေ့ကို နေ့ထူးနေ့မြတ်အဖြစ် နှစ်စဉ်ကျင်းပလာခဲ့သည်။

ယခုအခါ လက်ရှိဖြစ်ပွားနေသည့် Covid-19 ရောဂါကြောင့် ရောဂါကြိုတင်ကာကွယ်ရေးအတွက် လူစုလူဝေးမဖြစ်ပေါ်စေရေး ကန့်သတ်မှုများဖြင့် အသင်းတော်အသီးသီးမှ ဒီဇင်ဘာ ၂၃ ရက်မှ စတင်၍ ဒီဇင်ဘာ ၂၅ ရက်အထိ အွန်လိုင်းမှ ခရစ္စမတ်ပွဲတော်ကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း တပ်ကုန်းရပ်ကွက် အင်ဂျန်ဒုံနှစ်ခြင်းခရစ်ယာန် အသင်းတော်မှ သိက္ခာတော်ရဆရာ ဦးခေါင်လွန်းထံမှ သိရသည်။

မိုဃ်းကျ(မြစ်ကြီနား)