မန္တလေး ၂၉ ဒီဇင်ဘာ
မန္တလေးမြို့ရှိ ရတနာပုံ တိရစ္ဆာန်ဥယျာဉ်သို့ ခရစ္စမတ်ပွဲတော်နှင့် ဒီဇင်ဘာ ကျောင်းပိတ်ရက်ရှည် ကာလအတွင်း ပြည်တွင်းခရီးသွားများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါတိရစ္ဆာန်ဥယျာဉ်၌ လာရောက်လေ့လာအပန်းဖြေသူများ ပျော်ရွှင်မှုရရှိစေရန် ခရစ္စမတ်အထိမ်းအမှတ် ဈေးရောင်းပွဲတော်ကို ကျင်းပလျက်ရှိရာ တိရစ္ဆာန်လေးများအား လာရောက်လေ့လာ၍ အပန်းဖြေသူများ ဈေးရောင်းပွဲတော်တွင် ပါဝင်ဆင်နွှဲသူများဖြင့် စည်ကားလျက်ရှိကြောင်း ရတနာပုံ တိရစ္ဆာန်ဥယျာဉ်မှ လက်ထောက်အုပ်ချုပ်ရေးမှူး ဦးစောအောင်ကြီးက ပြောသည်။
''ကျွန်တော်တို့ တိရစ္ဆာန်ဥယျာဉ်ကို အခုလို ပွဲတော်ကာလနဲ့ ရုံးတွေ ကျောင်းတွေ ရက်ရှည်ပိတ်တဲ့ ကာလတွေမှာ လာရောက်သူတွေ ပိုမိုများပြားတဲ့အတွက် လာရောက်လေ့လာအပန်းဖြေကြတဲ့ မိသားစုတွေ ပျော်ရွှင်မှုရရှိစေဖို့ ဈေးရောင်းပွဲတော်တွေလည်း ထည့်သွင်းကျင်းပလေ့ရှိပါတယ်။ ဒီဈေးရောင်းပွဲတော်မှာ စားသောက်ဆိုင်တွေ လူသုံးကုန်ပစ္စည်းတွေ ဂိမ်းကစားနည်းတွေ တိရစ္ဆာန်ကပွဲတွေ မျက်လှည့်ပြပွဲတွေနဲ့ ရုပ်ပြောင် ပန်းချီရေးဆွဲတဲ့ အစီအစဉ်တွေလည်း ထည့်သွင်းထားပါတယ်။ ဒါကြောင့် တိရစ္ဆာန်လေးတွေရဲ့ သဘာဝ နေထိုင်မှု ပုံစံ ဓလေ့စရိုက်တွေကို လာရောက်လေ့လာရင်း ပျော်ရွှင်စွာ အနားယူအပန်းဖြေနိုင်ဖို့ ဖိတ်ခေါ်ပါတယ် ''ဟု ၎င်းက ပြောသည်။
အဆိုပါတိရစ္ဆာန်ဥယျာဉ်သို့ မြင်းခြံမြို့မှ မိသားစုလိုက် လာရောက်လည်ပတ်သည့် ဒေါ်နန်းဆာဆာက “ဒီဇင်ဘာ ကျောင်းပိတ်ရက်မှာ ကလေးတွေလည်း ပျော်ရွှင်မှုရဖို့နဲ့ အိမ်အလုပ်တွေနဲ့ပဲ နေ့စဉ်လုံးပန်းနေရတဲ့ ကျွန်မတို့ အိမ်ရှင်မတွေ စိတ်လက်ပေါ့ပါးစွာ အပန်းဖြေအနားယူဖို့ ရည်ရွယ်ပြီး လာခဲ့ကြတာပါ။ ကျွန်မတို့ ကလေးငယ်တွေ တိရစ္ဆာန်လေးတွေရဲ့ သဘာဝပုံစံတွေကို မြင်တွေ့ပြီး ဗဟုသုတွေ ရရှိစေဖို့နဲ့ သူတို့တွေကို ချစ်ခင်ပြီး သနားကြင်နာတတ်တဲ့ စိတ်လေးတွေ ဖြစ်ပေါ်လာအောင် တိရစ္ဆာန်ဥယျာဉ်ကို လိုက်ပို့ပေးတာဖြစ်ပါတယ်” ဟု ပြောသည်။

ရတနာပုံတိရစ္ဆာန်ဥယျာဉ်တွင် တိရစ္ဆာန်မျိုးစိတ်ပေါင်း ၁၀ဝ နှင့် တိရစ္ဆာန်မျိုးစုံကောင်ရေပေါင်း ၁၀၉၇ ကောင် ပြသထားရှိရာ အဆိုပါဥယျာဉ်သို့ ပုံမှန်နေ့များတွင် လူဦးရေ ၁၀ဝ၀ မှ ၁၅၀ဝ ကြား လာရောက်လေ့လာမှုရှိသော်လည်း စနေ၊ တနင်္ဂနွေရုံးပိတ်ရက်များတွင် ၂၀ဝ၀ မှ ၃၀ဝ၀ ကြားနှင့် အခါကြီးရက်ကြီးပွဲတော်ကာလများ၊ ကျောင်းပိတ်ရက်နှင့် ရုံးပိတ်ရက်ရှည်ကာလများတွင် ၅၀ဝ၀ မှ ၁၀ဝ၀ဝ ကြားအထိ လာရောက်လေ့လာ အပန်းဖြေမှုများရှိပြီး ဝင်ကြေးငွေမှာ လူကြီး ၁၀ဝ၀ ကျပ်နှင့် ကလေး ၅၀ဝ ကျပ် သတ်မှတ်ကောက်ခံကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)