ခရစ္စတယ်ပဲလေ့အသင်းနဲ့ အာဆင်နယ်အသင်းတို့ ဧပြီ  ၅ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီမီယာလိဂ်ပွဲစဉ်(၃၀)မှာ ခရစ္စတယ်ပဲလေ့အသင်းက အာဆင်နယ်အသင်းကို သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာကြောင့် အာဆင်နယ်အသင်းဟာ ပရီမီယာလိဂ် အမှတ်ပေးဇယားအဆင့်(၄) နေရာ တက်လှမ်းမယ့်အခွင့်အရေးနဲ့ လွဲခဲ့ရပြီဖြစ်ပါတယ်။

သွင်းယူပေးခဲ့

အဲဒီပွဲစဉ်မှာ ခရစ္စတယ်ပဲလေ့အသင်းအတွက် သွင်းဂိုးတွေကို ပွဲကစားချိန် ၁၆ မိနစ်မှာ မာတီတာက တစ်ဂိုး၊ ပွဲကစားချိန် ၂၄ မိနစ်မှာ ဂျော်ဒန်ပီယာရီအေယူက တစ်ဂိုးနဲ့ ပွဲကစားချိန် ၇၄ မိနစ်မှာ ဇာဟာက  ပင်နယ်တီကနေတစ်ဆင့် တစ်ဂိုးအသီးသီး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ခရစ္စတယ်ပဲလေ့အသင်းနဲ့အတူ အခုပွဲစဉ်မှာ သွင်းဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့တဲ့ မာတီတာဟာ အခုနှစ် ဘောလုံးရာသီမှာ ခရစ္စတယ်ပဲလေ့အသင်းအတွက် လေးဂိုးမြောက်သွင်းဂိုး သွင်းယူနိုင်ခဲ့တာလည်းဖြစ် ပါတယ်။

အာဆင်နယ်အသင်းဟာ ပရီမီယာလိဂ် အဆင့်(၄)နေရာက စပါးအသင်းကို ကျော်ဖြတ်ကာ အဆင့်(၄)နေရာသို့ တက်လှမ်းခွင့်ရရှိရေး မျှော်လင့်ထားတာဖြစ်ပေမယ့် လက်ရှိ ပရီမီယာလိဂ်ပွဲစဉ် ၂၉ ပွဲ ကစားပြီးချိန်မှာ ရမှတ်စုစုပေါင်း ၅၄ မှတ် ရရှိထားပြီး အဆင့် (၄)နေရာက စပါးအသင်းနဲ့ ရမှတ်တူ ဂိုးကွာခြားချက်နဲ့ အဆင့်(၅)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

ခရစ္စတယ်ပဲလေ့အသင်းကတော့ အာဆင်နယ်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် ၂၀၂၂ ခုနှစ်အတွင်း အိမ်ကွင်းပထမဆုံး နိုင်ပွဲရရှိခဲ့တာဖြစ်ပြီး ပရီမီယာလိဂ်အမှတ်ပေးဇယားရဲ့ အဆင့်(၉)နေရာကို တက်လှမ်းခွင့်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ငွေကြယ်