ဒီဇင်ဘာလသည် ယေရှုခရစ်တော်မွေးဖွားသော လဖြစ်သည်နှင့်အညီ ခရစ်ယာန်ဘာသာဝင်တို့အတွက် အပျော်ရွှင်ဆုံးလ၊ ချစ်ခင်ရင်းနှီးရသူတို့အား အမှတ်တရလက်ဆောင်များပေးပြီး ကုသိုလ်ယူသော လရာသီဖြစ်ရာ ကလေးမြို့နယ် ကက်သလစ်သာသနာပိုင်(RC) ဂိုဏ်းအုပ်ဆရာတော်ကြီး ဖဲလစ်လျန်ခင်းထန်သည် သူငယ်တော် ယေရှုခရစ်တော်၏ မွေးနေ့ပွဲတော်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာနှစ်ဘာသာ ချစ်ကြည်ရင်းနှီးကြစေရန် အကျိုးငှါ ၂၀၁၈ ခုနှစ် ခရစ္စမတ်အကြိုအဖြစ် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ရှိ ရိုမန်ကက်သလစ် ကလေးသာသနာနယ်မှ ဆရာတော်သံဃာတော်အပါး (၁၀၀)တို့အား ခရစ်တော်မွေးနေ့အထိမ်းအမှတ် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ဒီဇင်ဘာ ၂၁ ရက် နံနက် ၁၀ နာရီက ရိုမန်ကက်သလစ် ကလေးသာသနာနယ်ဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြန်မာနိုင်ငံရိုမန်ကက်သလစ်ဘုန်းတော်ကြီးများဥက္ကဋ္ဌ ကလေးရိုမန်ကက်သလစ် သာသနာပိုင် (RC)ဂိုဏ်းအုပ်ဆရာတော်ကြီး ဖဲလစ်လျန်ခင်းထန်က အဖွင့်နှုတ်ခွန်းဆက်စကားပြောကြား ပြီးနောက် ကလေးမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ မဟာသန္တာရုံကျောင်းတိုက်ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာကျော် ဘဒ္ဒန္တပုညသေဋ္ဌ အရှင်သူမြတ်က ကျေးဇူးတင်ဝမ်းမြောက်ကြောင်း မေတ္တာစကားပြန်လည် မြွက်ကြားသည်။
ယင်းနောက် ကြွရောက်တော်မူလာကြသော ဆရာတော်၊ သံဃာတော်များမှ မေတ္တာသုတ် ပရိတ်တရားတော်များ ရွတ်ဖတ်သရဇျ္စယ်ခြင်းများ ပြုလုပ်ပြီး ရိုမန်ကက်သလစ် ကလေးသာသနာပိုင် ဆရာတော်က သံဃာတော် အရှင်သူမြတ်များကို အမှတ်တရလှူဖွယ်ပစ္စည်းများ လက်ရောက်လှူဒါန်းသည်။
ဆက်လက်၍ မြန်မာနိုင်ငံ ကက်သလစ်ဘုန်းတော်ကြီးများ အဖွဲ့ဥက္ကဋ္ဌ ရိုမန်ကက်သလစ် ကလေးသာသနာပိုင် ဂိုဏ်းအုပ်ဆရာတော်ကြီးက ရှေ့ဆုံးတန်းမှ သံဃာတော်များထံသို့ အမှတ်တရလှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ပြီးနောက် ဆရာတော်သံဃာတော်များကိုယ်စား နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ချမ်းမြေ့အောင်စည်ဆရာတော်က ကလေးကက်သလစ်သာသနာပိုင် ဂိုဏ်းအုပ်ဆရာတော်ထံသို့ ခရစ္စမတ်အမှတ်တရလက်ဆောင်ပစ္စည်းများ ပြန်လည်ချီးမြှင့် ပေးအပ်သည်။
အခမ်းအနားတွင် ကက်သလစ်သာသနာနယ်မှ Choir Group မှ ခရစ္စမတ်ဓမ္မတေးသီချင်းများဖြင့် ဂုဏ်ပြု သီဆိုကြကာ ဆရာတော်သံဃာတော်များနှင့် ကက်သလစ်အသင်းတော်မှ ဆရာတော်များ အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြပြီးနောက် ကက်သလစ်သာသနာပိုင်ဆရာတော်ကြီးမှ နေ့လယ်စာ သုံးဆောင်မည့် အစားအစာများကို ဆုတောင်းကောင်းချီးပေးပြီး ကြွရောက်လာကြသည့် ဆရာတော်၊ သံဃာတော်အပါး(၁၀၀)အား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။
အဆိုပါအခမ်းအနားသည် ဘာသာဓလေ့ထုံးစံမပျက်စေရန်နှင့် စည်းလုံးညီညွှတ်မှုရှိစေရန် ရည်ရွယ်လျက် ခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများ ဦးဆောင်၍ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရိုမန်ကက်သလစ်အသင်းတော်များမှ ပူးပေါင်းကူညီဆောင်ရွက်မှုဖြင့် စည်ကားသိုက်မြိုက်ခမ်းနားထည်ဝါစွာ ခရစ္စမတ်အကြိုအထိမ်းအမှတ်ပွဲတော်ကို ကျင်းပခဲ့သည်မှာ ယခုနှစ်တွင် တတိယကြိမ်အဖြစ် ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။
သျှင်နေမင်း