ခရစ်ယာန်ဘာသာဝင်လွှတ်တော်အမတ်များ မိတ်သဟာယ က ကြီးမှူးကျင်းပသည့် ခရစ္စမတ်အကြို ဝတ်ပြုခြင်းနှင့် ညစာစားပွဲအထိမ်းအမှတ် အခမ်းအနားကို ယနေ့ညနေ ၄ နာရီခွဲတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပခဲ့သည်။

 

အခမ်းအနားသို့ သိက္ခာတော်ရ ဆရာတော်ကြီးများ၊ ခရစ်ယာန်ဘာသာဝင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များနှင့် အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

 

အခမ်းအနားတွင် သိက္ခာတော်ရ ဒေါက်တာချယ်ရတီထူးက ခရစ္စမတ်ပွဲတော်ဖြစ်ပေါ်လာပုံနှင့် ပွဲတော်ကျင်းပရခြင်းကို ရှင်းလင်းပြောကြားခြင်း၊ ဆရာတော် ဦးသိန်းထွန်းက အဖွင့်ဆုတောင်းပေးခြင်းနှင့် ဒေါက်တာဦးစောထွန်းအောင်မြင့်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခြင်းတို့ကို ဆောင်ရွက်ကြပြီး တေးသံရှင် Ro Bin က ဓမ္မသီချင်းဖြင့် ဘုရားရှင်၏ ဂုဏ်တော်ကို ချီးမွမ်းသည်။

 

ထို့နောက် သိက္ခာဂုဏ်ဆောင် ဆရာတော် ဒေါက်တာမိုးက သမ္မာကျမ်းစာကို ဖတ်ကြားပြီး ခရစ္စမတ်ဒေသနာတော်ကို ဟောကြားခဲ့သည်။

 

ယင်းနောက် သိက္ခာတော်ရဆရာ ဒေါက်တာဦးဗန်ဘီက ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၊ နိုင်ငံတော် အကြီးအကဲများနှင့် နိုင်ငံသူ၊ နိုင်ငံသားများအားလုံး ကျန်းမာချမ်းသာကြပါစေကြောင်း၊  လွှတ်တော်ကိုယ်စားလှယ် များအနေဖြင့် တိုင်းပြည်အကျိုး၊ နိုင်ငံ့အကျိုးကို ယခုထက်ပိုမို ထမ်းဆောင်နိုင်ပါစေကြောင်းနှင့် ဘုရားရှင် ကောင်းချီးပေးပါစေကြောင်း အထူးဆုတောင်းပေးသည်။ ယင်းနောက် ဦးစိန်အောင်က ကျေးဇူးတင်စကား ပြောကြားသည်။

 

ထို့နောက် သိက္ခာတော်ရ ဒေါက်တာဒေးဗစ်ခိုဘားလ်က ဘုရားရှင်၏ ဂုဏ်တော်ကို ချီးမွမ်းပြီး ကောင်းချီးမင်္ဂလာ ဆုတောင်းပေးကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ အခမ်းအနားအပြီးတွင် ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။ 

 

(သတင်းစဉ်)