နေပြည်တော်၊ စက်တင်ဘာ ၃၀
နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ခရီးစဉ်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ခရီးစဉ်ဒေသများသို့ လာမည့်ခရီးသွားရာသီ ကာလအတွင်း ပြည်တွင်း/ ပြည်ပ ခရီးသွားများ ပိုမိုလာရောက် လည်ပတ်စေရန် မြှင့်တင်ကြော်ငြာ ဆောင်ရွက်ရေးနှင့် သွားလာလည်ပတ်မှု အဆင်ပြေစေရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပရာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီးဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် အဆင့်မြင့် အရာရှိကြီးများ၊ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးခွဲများမှ ရုံးခွဲတာဝန်ခံ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက လာမည့်ခရီးသွားရာသီကာလတွင် မိမိတို့ တိုင်းဒေသကြီး/ ပြည်နယ်များရှိ ခရီးစဉ်ဒေသများသို့ ပြည်တွင်း/ ပြည်ပ ခရီးသွားများ အဆင်ပြေချောမွေ့စွာ ပိုမိုလာရောက်လည်ပတ်ကြစေရေးအတွက် ခရီးစဉ်ဒေသစီမံခန့်ခွဲမှု အဖွဲ့များ၊ ဟိုတယ်နှင့် ခရီးသွားအသင်းအဖွဲ့များ၊ လုပ်ငန်းလုပ်ကိုင်သူများဖြင့် ပူးပေါင်း၍ ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များကို ကြိုတင်ပြင်ဆင်ထားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ဒေသရှိ ခရီးစဉ်များကို ဘေးကင်းလုံခြုံစွာ လည်ပတ်နိုင်ကြောင်း ပြည်တွင်း/ ပြည်ပခရီးသွားဧည့်သည်များ၊ ခရီးသွားလုပ်ငန်းဆိုင်ရာအဖွဲ့အစည်းများက သိရှိရန်လိုပါကြောင်း၊ သို့ဖြစ်၍ မိမိတို့ခရီးစဉ်ဒေသများကို နည်းလမ်းပေါင်းစုံဖြင့် မြှင့်တင် ကြော်ငြာ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ရုံးခွဲများနှင့် ရုံးချုပ်တို့ပေါင်းစပ်ပြီး ထိုးဖောက် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် အထူးအလေးထားသဖြင့် ဝန်ကြီးဌာနရှိရုံးချုပ်နှင့် နယ်ရုံးခွဲများက ဝန်ထမ်းများအားလုံး ဟန်ချက်ညီစွာ ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက ခရီးသွားမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ခေတ်နှင့်အညီ နည်းပညာရပ်များအသုံးချ၍ မြှင့်တင်ကြော်ငြာဆောင်ရွက်ကြရေး၊ မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစား ဆောင်ရွက်ကြရန် ပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးများမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများက ခရီးစဉ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မှုအခြေအနေများ၊ ခရီးစဉ်ဒေသများသို့ ပြည်တွင်း/ ပြည်ပခရီးသွား ဧည့်သည်များ ဝင်ရောက်မှုအခြေအနေများ၊ ခရီးသွားလုပ်ငန်း အမျိုးအစားအလိုက် အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများ၊ ခရီးစဉ်ဒေသ အသစ်များ ဖော်ထုတ်ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ လာမည့်ခရီးသွားရာသီ ကာလအတွင်း ခရီးသွားများ သွားလာလည်ပတ်မှု အဆင်ပြေစေရေးအတွက် ကြိုတင် ပြင်ဆင် ဆောင်ရွက်ထားရှိမှုနှင့် မြှင့်တင်ကြော်ငြာဆောင်ရွက်မှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များအပေါ် ညွှန်ကြားရေးမှူးချုပ်၊ အမြဲတမ်းအတွင်းဝန်နှင့် အဆင့်မြင့် အရာရှိကြီးများက ဖြည့်စွက်ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးက ဖြည့်စွက် ဆွေးနွေးပြောကြားကာ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


