mdn

သတင်းဆောင်းပါး - ဒေါက်တာကိုဦး (မျက်စိအထူးကုဆရာဝန်ကြီး)

 

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ပြည်သူလူထု၏ ကျန်းမာကြံ့ခိုင်မှု၊ ဉာဏ်အမြော်အမြင် ပြည့်ဝမှုတို့အပေါ် တည်မီနေသည်ဖြစ်ပေရာ နိုင်ငံသားတိုင်း ရောဂါဘယကင်းစွာဖြင့်ကျန်းမာစေရန်အတွက် ကျန်းမာရေးအသိပညာ မြင့်မားစွာရှိနေရန် အရေးကြီးပါသည်။ ကျန်းမာရေး အသိပညာ မြင့်မား တိုးတက်လာသည်နှင့်အမျှ လူတစ်ဦးချင်းစီက မိမိကိုယ်တိုင် ကျန်းမာစေရန် အသိတရားဖြင့် ထိန်းသိမ်းလာ နိုင်မည်ဖြစ်ပြီး မိသားစုနှင့် ပတ်ဝန်းကျင်တို့ကိုလည်း ကျန်းမာသော လူနေမှုဘဝသို့ တွန်းအားပေး ပံ့ပိုးသွားနိုင်မည်ဖြစ်ပါသည်။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအောက်ရှိ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ရောဂါနှိမ်နင်းရေးဌာနသည် ကူးစက်၍ ဖြစ်ပွားသော ရောဂါများနှင့် မကူး စက်ဘဲ ဖြစ်ပွားသောရောဂါများကို စနစ်တကျ စီစဉ်ကာကာကွယ် ကုသမှုလုပ်ငန်း များ အားဖြည့်ဆောင်ရွက်လျက်ရှိသည်။ ကူးစက် ရောဂါများဖြစ်သော (ATMLE) ဟု အတိုကောက် အမည်ပေးထားသော အေအိုင်ဒီအက်စ်ရောဂါ (ခုခံအားကျဆင်း မှုကူးစက်ရောဂါ)၊ တီဘီရောဂါ၊ ငှက်ဖျားရောဂါ၊ အနာကြီးရောဂါနှင့် မျက်စိရောဂါ များကို သက်ဆိုင်ရာဌာနများအလိုက် ခွဲခြားသတ်မှတ်ကာ ဆိုင်ရာ ကူးစက်ရောဂါ များကို ရောဂါဖြစ်ပွားမှု လျော့နည်းစေပြီး ရောဂါကင်းစင်ရေးအဆင့်သို့ ရောက်ရှိနိုင်ရေး အတွက် စနစ်တကျ ဆောင်ရွက်လျက်ရှိပါသည်။ ကူးစက်မျက်စိရောဂါဖြစ်သော မျက်ခမ်းစပ်ရောဂါ (Trachoma) သည် ယခင်က မျက်စိကွယ်ခြင်းကို အဓိက ဖြစ်စေသော အကြောင်းတစ်ရပ်အဖြစ် ရပ်တည် ခဲ့သော်လည်း ယခုအခါ ဖြစ်ပွားမှုအနည်းဆုံးသို့ ရောက်ရှိလာပြီဖြစ်၍ Trachoma Elimination အဆင့်သို့ရောက်ရှိရန်အတွက် ရောဂါသစ်ဖြစ်ပွားမှုနှင့် ယင်း၏ နောက်ဆက်တွဲဖြစ်သော မျက်တောင်စိုက် မျက်မွေးစူးရောဂါဖြစ်ပွားမှုကိုပါ ထိန်းချုပ်နိုင်သော အဆင့်သို့ရောက်ရှိနေပြီဖြစ်သောကြောင့် ယခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် နေပြည်တော်ရွှေပြည်တော်ဟိုတယ်၌ PreSurvey Workshop For Trachoma Eli-mination အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့ပေသည်။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မျက်ခမ်းစပ်နှင့်မျက်မမြင်ကာကွယ်ရေး စီမံကိန်းဌာနမှ မျက်စိအထူးကုဆရာဝန်များ၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စား လှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

 

မျက်ခမ်းစပ်နှင့် မျက်မမြင်ကာကွယ်ရေးစီမံကိန်း

 

မြန်မာနိုင်ငံသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO)မှ ချမှတ်ထားသော Vision 2020  ၂၀၂၀ စီမံချက်၏ အဓိကရည်မှန်းချက်ဖြစ်သော သက္ကရာဇ် ၂၀၂၀ တွင် Elimination of Avoidable Blindness  ရရှိရန်အတွက် မျက်ခမ်းစပ်နှင့်မျက်မမြင်ကာကွယ်ရေးစီမံကိန်းသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက် လျက်ရှိပေသည်။

 

မျက်ခမ်းစပ်နှင့် မျက်မမြင်ကာကွယ်ရေးစီမံကိန်းကို ၁၉၆၄ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ဤစီမံကိန်းသည် မြန်မာနိုင်ငံ၌ မျက်စိရောဂါနှင့် ပတ်သက်ပြီး စီမံကိန်း ချဆောင်ရွက်ခဲ့သော ပထမဆုံးသော လုပ်ငန်းတစ်ခုဖြစ်ခဲ့ပါသည်။

 

ကမ္ဘာတစ်ဝန်းတွင် မျက်ခမ်းစပ်ရောဂါဖြစ်ပွားလျက်ရှိသော နိုင်ငံပေါင်း ၅၇ နိုင်ငံရှိပြီး မြန်မာနိုင်ငံသည်လည်း တစ်ခုအပါအဝင် ဖြစ်ခဲ့ပါသည်။သန်းပေါင်းများစွာသော လူသားများသည် မျက်ခမ်းစပ်ရောဂါကြောင့်လည်း ကောင်း၊ နောက်ဆက်တွဲဖြစ်လေ့ရှိသော မျက်တောင်စိုက် မျက်စိမွေးစူး ကြောင့်မျက်စိမှုန်၊ မျက်စိကွယ် ဖြစ်ပေါ်ခံစားနေရပေသည်။

 

ယခုအခါ ကမ္ဘာ့မျက်မမြင်ဒုက္ခိတများ၏ ၃ ရာခိုင်နှုန်းသည် မျက်ခမ်းစပ်ရောဂါ ခံစားရကာ အမေရိကန်နိုင်ငံ၏ တောင်ပိုင်းနှင့် အလယ်ပိုင်း၊ ဩစတြေးလျနှင့်အရှေ့အလယ်ပိုင်းတို့တွင် မျက်ခမ်းစပ်ရောဂါ အဓိကဖြစ်ပွား နေကြောင်း သိရှိရပါ သည်။ အာဖရိကတွင် အများဆုံးအားဖြင့် အီသီယိုပီးယား၊ ဆူဒန်၊ နိုင်ဂျီးရီးယား တို့တွင် တွေ့ရပြီး အာရှတွင် အိန္ဒိယနိုင်ငံသည် အများဆုံးဖြစ်ကြောင်း လေ့လာတွေ့ရှိရပေသည်။

 

မြန်မာနိုင်ငံတွင်လည်း ၁၉၆၄ ခုနှစ်ဝန်းကျင်က မြန်မာနိုင်ငံအလယ်ပိုင်းဒေသသည် မိုးခေါင်ဖုန်ထူဒေသ ဖြစ်သောကြောင့် ချောက်၊ မြင်းခြံ၊ ပခုက္ကူ၊ ကျောက်ပန်း တောင်း၊ မိတ္ထီလာ၊ မန္တလေး၊ မင်းဘူး၊ မကွေး အစရှိသော ဒေသများတွင် ကူးစက်နိုင်သော မျက်ခမ်းစပ်ဖြစ်ပွားမှု ၄၃ ရာခိုင်နှုန်းခန့်ရှိခဲ့ပြီး မျက်ခမ်းစပ် ရောဂါသည် မျက်မမြင်ဖြစ်ခြင်းကို ဖြစ်စေခဲ့သော အဓိက မျက်စိကူးစက် ရောဂါတစ်ခု ဖြစ်ခဲ့ပါသည်။

 

မျက်ခမ်းစပ်ရောဂါ

 

မျက်ခမ်းစပ်ရောဂါသည်  အသက်  ၁၀  နှစ်အောက်  ကလေးများတွင်  အဖြစ်များပြီး    တစ်ဦးမှတစ်ဦးသို့   ကူးစက်မှုဖြစ်တတ်ပါသည်။      ယင်းရောဂါပိုး၏ နောက်ဆက်တွဲဖြစ်သော    မျက်ခွံအတွင်းသို့ ကုပ်ဝင်၍  မျက်တောင်စိုက်ခြင်းနှင့်မျက်ကြည်လွှာပေါ်တွင် အပြင်တိမ်ဖြစ်သည်တို့ကို တွေ့ရပါသည်။ အမျိုးသမီးများ သည် အမျိုးသားများထက် ပိုမိုဖြစ်ပွားသည်ကို လေ့လာတွေ့ရှိရပါသည်။

 

မျက်ခမ်းစပ်ရောဂါသည်  မျက်ခမ်းစပ်ရောဂါပိုး (Clamydiae အနွယ်ဝင် Tra-chomatis ပိုး) ကြောင့် ဖြစ်သည်။ ယင်းပိုးများ မျက်စိ၏ မျက်မြှေးပါးအတွင်းသို့ဝင်ရောက်ခြင်းမှ  စတင်ဖြစ်ပေါ် ခြင်းဖြစ်သည်။  မျက်မြှေးပါး  မျက်ရည်ကြည်များ ရောင်ရမ်းခြင်း၊ အထက်မျက်ခွံအတွင်းပိုင်း မျက်မြှေးပါးနှင့် မျက်ဝန်းအပေါ်ပိုင်း တို့တွင်ကြာဆူးကလေးများ  ပေါ်ပေါက်ပြီး  နောက်ပိုင်းတွင်  ကြာဆူးနေရာ၌  အမာရွတ်များဖြစ်ပေါ်လာသည်။ ရောဂါလက္ခဏာများမှာ ရောဂါပြင်းထန်မှုအခြေအနေများ ပေါ်တွင် မူတည်ပြီး အနုအရင့်ကိုလိုက်၍ အဆင့်များခွဲထားပါသည်။ များသောအားဖြင့်မျက်စိယားယံခြင်း၊  မျက်ဝတ်ထွက်ခြင်း၊  မျက်ရည်ယိုခြင်း၊  ခိုးလိုးခုလုခံစားရ ခြင်းစသော  လက္ခဏာများကိုခံစားရပါသည်။  ၎င်းမျက်စိကို  စစ်ဆေးကြည့်လျှင် အောက်ပါလက္ခဏာများကို တွေ့ရှိရသည်-

 

(1)   Trachoma Follicle (TF) -  အပေါ်မျက်ခွံအတွင်းမျက်မြှေးပေါ် တွင် သာကူစေ့သဏ္ဌာန်ကြာဆူးများရှိသည်။


(2)  Trachomatous Inflammation(TI)  -      မျက်မြှေးအတွင်းရှိ သွေးကြောများ ကြီးထွားပြီး ကတ္တီပါစသဏ္ဌာန် နီမြန်းဖောင်းကြွရောင်ရမ်း လာမည်။


(3) Trachomatous Conjumctival Scarring (TS)- မျက်မြှေးပေါ်ရှိကြာဆူးလေးများပျောက်သွားသောအခါ ယင်းတို့နေရာတွင် အမာရွတ်များ ပေါ်လာမည်။

 

(4) Trachomatous Trichiasis(TT) - မျက်ခွံအတွင်းသို့ ကုပ်ဝင်၍ မျက်တောင်စိုက်နေသည်ကို တွေ့ရမည်။

 

(5) Corneal opacity(CO)-  မျက်ခမ်းစပ်ကြောင့် မျက်ကြည်ပေါ်တွင် အပြင်တိမ်ဖြစ်သည်ကို တွေ့ရမည်။

 

ဤအဆင့်(၄)တွင် ရောဂါဆက်လက်ဖြစ်ပွားမှုမရှိဘဲနေလျှင် အခြားသူတို့လည်း မကူးစက်နိုင်တော့ပါ။ သို့ရာ တွင် ယခင်ရောဂါဖြစ်ပွားခြင်း၊ ပြင်းထန်မှုအခြေအနေ၊ အခြားရောဂါပိုးများဝင်ရောက်ခြင်းနှင့် ဆေးဝါးကုသမှု ခံယူခြင်း အခြေအနေပေါ်တွင်မူတည်ပြီး အနာရွတ်အနည်းငယ်သာရှိသူ၊ မျက်ခွံကုပ်သူ၊ မျက်တောင်စိုက်သူ၊ မျက်ကြောသေသူ၊ အပြင်တိမ်ဖြစ်သူ စသည်ဖြင့်အမျိုးမျိုးသော နောက်ဆက်တွဲဒဏ်ရာ ဒဏ်ချက်များ ရရှိနိုင်ပါသည်။ အကယ်၍ အချိန်မီစနစ်တကျ ကုသမှုမခံယူလျှင်မျက်စိကွယ်နိုင် သည်။

 

မျက်ခမ်းစပ်ရောဂါကြောင့် စီးပွားရေးဆုံးရှုံးမှုကို လေ့လာပါက WHO အဖွဲ့ကြီး၏ တွက်ချက်မှုအရ နှစ်စဉ်အမေရိကန် ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံမှ မျက်တောင်စိုက်မှုပါ ထပ်မံဖြစ်ပွားပါက ထပ်တိုးစရိတ်ဒေါ်လာ ၈ ဒသမ ဝ ဘီလီယံအထိဆုံးရှုံးမှုရှိကြောင်း ဖော်ပြထားပါသည်။

 

ကူးစက်မျက်စိရောဂါ

 

ထို့ကြောင့် ကူးစက်မျက်စိရောဂါဖြစ်သည့် မျက်ခမ်းစပ်ရောဂါကို ကာကွယ်ကုသရန်အတွက် မြန်မာနိုင်ငံတွင် ၁၉၆၄ ခုနှစ်မှစတင်ကာ ကျန်းမာရေးဝန်ကြီးဌာနမှ မျက်ခမ်း စပ်စီမံကိန်း (Trachoma Control Programme) ကို ဒေသကြီးများအလိုက်ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သကဲ့သို့ နိုင်ငံတော် အစိုးရမှလည်း စီမံကိန်းအရ ရေရရှိရေးအတွက် ၉ ခရိုင် စိမ်းလန်းစိုပြည်ရေး၊ ဆည်များ၊ ရေကာတာများ တည်ဆောက်ပေးခြင်း၊ မျက်စိရောဂါအတွက် ပညာရေးဝန်ကြီးဌာနနှင့် ကျောင်း ကျန်းမာရေးဌာနပူးပေါင်းကာ မူလတန်းအဆင့်မှစကာ ပညာပေးဆောင်ရွက်ခြင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံတော်အစိုးရ၏ ကူညီပံ့ပိုးမှုများဖြင့် ကျန်းမာရေးဝန်ထမ်းများ ထားရှိဆောင်ရွက်ခြင်း၊ ဆေးဝါးများကို ထိရောက်စွာဖြန့်ဝေခြင်းတို့ကြောင့် မျက်ခမ်းစပ်ရောဂါဖြစ်ပွားမှုနှုန်းဟာ သိသိသာသာ လျော့နည်း သွားခဲ့ပါသည်။ ၁၉၅၀ ပြည့်နှစ်မှ စတင်၍ WHO သည် မျက်မမြင်ကူးစက်ရောဂါကာကွယ်ရေးလုပ်ငန်းများကို အကူအညီပေးဆောင်ရွက်ခဲ့ပါသည်။

 

ထို့အတူ ၁၉၉၈ ခုနှစ် က္ဘာ့ကျန်းမာရေးအဖွဲ့ညီလာခံမှ သက္ကရာ ဇ် ၂၀၂၀တွင်က္ဘာပေါ်မှ မျက်စိကွယ်စေသော မျက်ခမ်းစပ်ရောဂါပပျောက်ရန်အလို့ငှာ (Global Elimination Of Trachoma ) G.E.T 2020 ကို ချမှတ်ပြီး ကုသရေး နည်းဗျူဟာ အဖြစ် SAFE Strategy ကို ချမှတ်ခဲ့ပါသည်။

 

S = Surgery For Trichiasis ...  မျက်တောင်စိုက်ဝေဒနာခွဲစိတ်ကုသ ခြင်း။

A = Antibiotic to treat ...  မျက်စဉ်းဆေးဝါးဖြင့် ကူးစက်မျက်ခမ်းစပ်ကိုကုသခြင်း။

F = Facial Cleanliness ...  မျက်စိနှင့်မျက်နှာအားသန့်ရှင်းပေးခြင်း (မျက်နှာသစ်ခြင်း)။

E = Enviromental Improvement ...  ပတ်ဝန်းကျင်သန့်ရှင်းရေး လုပ်ငန်းတိုးမြှင့်ပေးခြင်း

(ရေကောင်းရေသန့်ရရှိရေး၊ ယင်လုံအိမ်သာတည်ဆောက်ရေး၊ အမှိုက်စနစ်တကျစွန့်ပစ်ခြင်း)။ 
မြန်မာနိုင်ငံအနေဖြင့် SAFEနည်းဗျူဟာကို ပဏာမကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဆောင်ရွက်ချက် (Primary Health Care Approach) PHC နှင့်ထည့်သွင်းဆောင်ရွက်လျက်ရှိသည်။

 

 မျက်မမြင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၇ မှ ၂၀၂၁ အထိ အမျိုးသားအဆင့် ၅ နှစ် စီမံကိန်းကိုရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါ သည်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ မျက်ခမ်းစပ်ရောဂါကင်းစင်ကြောင်းကြော်ငြာနိုင်ရန် စံနှုန်းများသတ်မှတ်ထားပါ သည်။ စံနှုန်းများမှ (၁နှစ်မှ ၉ နှစ်) အကြား ကလေးငယ်များ၏ မျက်ခမ်းစပ်ရောဂါဖြစ်ပွားမှုနှုန်း ၅ ရာခိုင်နှုန်း အောက်သို့ ကျဆင်းရန်နှင့်မျက်တောင်စိုက်မျက်တောင်မွေးစူးရောဂါ ဖြစ်ပွားနှုန်း ဝ ဒသမ ၁ ရာခိုင်နှုန်းအောက် သို့ကျဆင်းရန်တို့ ဖြစ်ပါသည်။

 

မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ လမ်းòန်ချက်အတိုင်း “ အမျိုးသားအမြင်သန်စွမ်းရေး မျှော်မှန်းချက်” (National Vision 2020)အစီအစဉ်ကို ၂၀ဝ၀ပြည့်နှစ် အောက်တိုဘာလ ၁၀ ရက်နေ့တွင် စတင်ချမှတ်ဆောင်ရွက်ခဲ့ပါသည်။ အဓိကရည်မှန်းချက်မှာ ၂၀၁၉ ခုနှစ်မှာ မျက်ခမ်းစပ်ရောဂါ အပါအဝင် ကာကွယ်ကုသ၍ရနိုင်သော အမြင်အာရုံချို့တဲ့စေနိုင်သည့် မျက်စိရောဂါများ၏ ၂၅ ရာခိုင်နှုန်းကို လျှော့ချပေး နိုင်ရန်နှင့် မျက်စိကွယ်နှုန်းကို ဝ ဒသမ ၅ အောက် လျော့ကျသွားစေရန်ဖြစ်ပါသည်။

 

မျက်ခမ်းစပ်နှင့်မျက်မမြင်ကာကွယ်ရေးစီမံကိန်းအနေဖြင့် မျက်ခမ်းစပ်ရောဂါ ဖြစ်ပွားမှုနှုန်းကို လျှော့ချနိုင်ရန် အတွက် ဆောင်ရွက်မှုများအနေဖြင့် ၂၀ဝ၀ ပြည့်နှစ်မှ ၂၀၁၇ ခုနှစ်အထိ Tetracycline မျက်စဉ်း ရှစ်သိန်းခွဲခန့်ပေးနိုင်ခဲ့ပါသည်။ ကူးစက် မျက်ခမ်းစပ်ဖြစ်ပွားသူ ၅၇၅၂၀ အား ကုသပေးနိုင်ခဲ့ပြီးမျက်တောင်စိုက် မျက်မွေး စူးလူနာပေါင်း ၃၀၆၆၄ ဦးခန့်အား ခွဲစိတ်ကုသပေးနိုင်ခဲ့ပါသည်။ မျက်ခမ်းစပ်နှင့် မျက်မမြင်ကာကွယ်ရေးစီမံကိန်းတည်ထောင်ပြီး နှစ် ၅၀ ခန့်အကြာ တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနနှင့်အခြားသော ဝန်ကြီးဌာနများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် မျက်ခမ်းစပ်ရောဂါကြောင့် မျက်စိကွယ်နှုန်းမှာ သိသိသာသာ ကျဆင်းသွားခဲ့ပါသည်။ မျက်ခမ်းစပ်နှင့် မျက်မမြင်ကာကွယ်ရေးစီမံကိန်းဌာန၏ ၂၀၁၇ ခုနှစ် စာရင်းအရ ကူးစက်မျက်ခမ်းစပ်ရောဂါဖြစ်ပွားမှုနှုန်း ဝ ဒသမ ဝ၆ ရာခိုင်နှုန်းနှင့် မျက်တောင်စိုက်မျက်မွေးစူး ဖြစ်ပွားမှုနှုန်း ဝ ဒသမ ဝ၇ ရာခိုင်နှုန်း သာရှိကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် မျက်ခမ်းစပ် ရောဂါပပျောက်ကြောင်း ကြော်ငြာရန်စံနှုန်းများ ပြည့်မီနေကြောင်း တွေ့ရှိရပါသည်။

 

မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်အတွင်းက တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၁ခုတွင် National Blindness Survey (2017)  နည်းဖြင့် ကွင်းဆင်းစစ်တမ်းကောက်ယူခဲ့ရာ ထိုစစ်တမ်းအရ ပျမ်းမျှမျက်စိမမြင်နှုန်း (Average Blindness Rate)မှာ ၂ ဒသမ ၉ ရာခိုင်နှုန်း ရှိနေကြောင်းတွေ့ရှိရပြီး မျက်ခမ်းစပ်ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးဖြစ်သော မျက်တောင်စိုက်မျက်မွေးစူးရောဂါကြောင့်ဖြစ်သော အမြင်အာရုံချို့ယွင်းသူပေါင်း ၅၂ ဦးရှိကြောင်း တွေ့ရှိရပါသည်။

 

အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၌ မျက်ခမ်းစပ်ရောဂါဖြစ်ပွားမှုနှုန်း စစ်တမ်း ကောက်ယူရန်လိုအပ်သော အချက်အလက်များအား ဝိုင်းဝန်းအဖြေရှာပြီး ၂၀၁၉ ခုနှစ်အတွင်း လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအား ချမှတ်နိုင်ခဲ့ပေသည်။ အထူးသဖြင့် မျက်ခမ်းစပ်ရောဂါပိုးကြောင့် မျက်မြှေးရောင်ရောဂါနှင့် နောက် ဆက်တွဲဖြစ်ပေါ်ခဲ့သော မျက်တောင်စိုက်မျက်မွေးစူးရောဂါဝေဒနာသည်များအား မည်သည့်နေရာ ဒေသမှမဆို ယင်းဒေသရှိ မျက်စိအထူးကုဆရာဝန်နှင့်ပြသကာ ထိုမှတစ်ဆင့်မျက်ခမ်းစပ်နှင့် မျက်မမြင်ကာကွယ်ရေးဌာန ချုပ်ရှိရာ နေပြည်တော်သို့ ၂၀၁၉ ခုနှစ်ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဧပြီလ ၃၀ရက်နေ့အထိ သုံးလတိတိအတွင်း  Trachoma Follicle (TF),Trachomatous Inflammation (TI), Trachomatous Trichiasis (TT) တို့အား ဆက်သွယ်အကြောင်းကြားရန်လည်း သဘောတူဆွေးနွေးခဲ့ပါသည်။ ထို့ကြောင့် မျက်မြှေးရောင်မျက်စိနာ ခံစားနေရသူ မျက်စိဝေဒနာ ရှင်များသည် နီးစပ်ရာမျက်စိအထူးကုနှင့် ပြသပြီး ယင်းမှတစ်ဆင့် ဌာနချုပ်သို့သတ်မှတ်ကာလအတွင်း ဆက်သွယ်အကြောင်းကြားပေးခြင်းဖြင့် လက်ရှိဖြစ်ပွား မှုနှုန်း(စံ)ကို တွက်ချက်နိုင်ပေသည်။

 

သို့ဖြစ်ပါ၍ မျက်မမြင်မှုကို အဓိကဖြစ်စေခဲ့သည့် ကူးစက်မျက်ခမ်းစပ်နှင့် ယင်း ကြောင့် နောက်ဆက်တွဲဖြစ်ပေါ် သည့် မျက်တောင်စိုက်မျက်မွေးစူးရောဂါများကိုနိုင်ငံတော်အစိုးရ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ မျက်စိအထူးကုဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ပညာရေးဝန်ကြီးဌာန၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အပါအဝင် နိုင်ငံတကာ INGO အပြင် မြန်မာနိုင်ငံအတွင်းမှ NGO များနှင့်ပြည်သူတစ်ရပ်လုံးပူးပေါင်းပါဝင် ဆောင်ရွက်ကြမည်ဆိုပါက များမကြာမီကာလ အတွင်း စက္ခုအလင်းဆုံးရှုံးမှုကို ဖြစ်စေခဲ့သော မျက်ခမ်းစပ်ရောဂါ (Trachoma) ကို အမိမြေပေါ်မှ ပပျောက်ကင်းစင်သွားစေရန်အတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်နိုင်ရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။