နေပြည်တော် ၂၃ ဇွန်
ခရီးသွားလုပ်ငန်းကော်မတီ (၂/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန နီလာခန်းမမှ Video Conferencing ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် ခရီးသွားလုပ်ငန်း ကော်မတီအတွင်းရေးမှူး ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်၊ ကော်မတီဝင်များဖြစ်ကြသော နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များမှ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်နှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ခရီးသွားလုပ်ငန်း တတ်သိပညာရှင်များနှင့် ခရီးသွားလုပ်ငန်း အဖွဲ့အစည်း ကိုယ်စားလှယ်များက Online မှ ပါဝင်တက်ရောက်ကြသည်။
အစည်းအဝေးတွင် ခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဌ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ယခင်ကျင်းပပြုလုပ်ခဲ့သည့် (၁/၂၀၂၀) ကြိမ်မြောက် အစည်းအဝေး၏ ဆုံးဖြတ်ချက်များ၊ ကိုဗစ်-၁၉ ကပ်ရောဂါ၏ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအပေါ် သက်ရောက်မှုကို ကုစားမည့် အစီအစဉ်(COVID-19 Myanmar Tourism Relief Plan) အပေါ် အခြေခံ၍ နိုင်ငံတော်အစိုးရ၊ ဝန်ကြီးဌာနနှင့် ပုဂ္ဂလိကအပိုင်းတို့မှ ဆောင်ရွက်ရမည့် ကိစ္စများကို ဝိုင်းဝန်းဆွေးနွေးရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါကြောင်း။
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေနှင့် ကိုဗစ်-၁၉ ဆိုင်ရာခရီးသွားလုပ်ငန်း ကုစားမှုအစီအစဉ် (COVID-19 Tourism Relief Plan) ကို ကမ္ဘာ့ခရီးသွားအဖွဲ့ချုပ် UNWTO, အာရှ ပစိဖိတ်ခရီးသွားအဖွဲ့ချုပ် PATA တို့၏ Guideline များနှင့်အညီ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များနှင့် ပူးပေါင်းရေးဆွဲပြီး CERP COVID- 19 Economic Relief Plan ရဲ့ နောက်ဆက်တွဲအဖြစ် ကိုဗစ်-၁၉ ထိန်းသိမ်းကာကွယ်ထိန်းချုပ်ကုသရေးအမျိုးသားအဆင့်ဗဟို ကော်မတီကို တင်ပြထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း။
ခရီးသွားလုပ်ငန်းပြန်လည် ရှင်သန်လာဖို့ဆိုလျှင် ပြည်တွင်းခရီးသွားကိုသာ ဦးစားပေး ဆောင်ရွက်ရမည်ဖြစ်ပြီး ဝန်ကြီးဌာနမှလည်း ခရီးသွားပြည်သူများကို ခရီးသွားလုပ်ငန်း ဝန်ထမ်း များမှ ဘေးကင်းလုံခြုံစွာ ဝန်ဆောင်မှုပေးနိုင်ရန် Tourism National Guidelines ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် မိမိဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်တွေကို စုစည်း ပြုစုထုတ်ပြန်ထားခဲ့ပြီး ဖြစ်ပါကြောင်း။
ထိုကဲ့သို့ ထိထိရောက်ရောက် ထိန်းသိမ်းဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ စီမံခန့်ခွဲမှုဖြင့် ဒေသလိုအပ်ချက်အပေါ် မူတည်၍ ခရိုင်/မြို့နယ် ခရီးစဉ်ဒေသဆိုင်ရာစီမံခန့်ခွဲရေးကော်မတီများ Destination Management Organizations (DMOs) များ၏ အခန်းကဏ္ဍကို အဓိထား ဖော်ဆောင်ရမည် ဖြစ်ပါကြောင်း၊ DMOs များ၏ အဓိက လုပ်ငန်းတာဝန်အဖြစ် ခရီးသွားများအတွက်သာမက ဒေသခံပြည်သူများအတွက်ပါ လုံခြုံရေး၊ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ခရီးသွားဝန်ဆောင်မှုကောင်းများ ရရှိစေရေး ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခြင်း ကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ပါကြောင်း။
Guest List Management System ကို တိုင်းဒေသကြီးနှင့် ပြည်နယ်များ အားလုံးတွင် အမြန်ဆုံးစတင်အသုံးပြုနိုင်ရန် ခရီးသွားများနှင့် ဒေသခံပြည်သူများ ဘေးကင်းလုံခြုံရေးအင်မတန် အရေးကြီးသည့်အတွက် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ပထမပတ်မှာ စတင်အသုံးပြုနိုင်ရေးနှင့် ဝန်ထမ်းများကိုလည်း ထပ်ဆင့်သင်တန်းများပေးပြီး ထိရောက်စွာအသုံးပြုနိုင်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ ဆောင်ရွက်စေလိုပါကြောင်း။
ကိုဗစ်-၁၉ ကြောင့် ရပ်တန့်နေသည့် ခရီးသွားလာရေးလုပ်ငန်း ပြန်လည်စတင်သည့်အချိန်တွင် နိုင်ငံတော်၏ ခရီးသွားမူဝါဒဖြစ်သည့် Responsible & Sustainable Tourism တာဝန်ယူမှု တာဝန်ခံမှုရှိပြီး ရေရှည်တည်တံ့နိုင်သည့် ခရီးသွားလာရေးလုပ်ငန်းကိုဖော်ဆောင်ရန် အရေအတွက် ထက် အရည်အချင်းဦးစားပေးသည့် ခရီးသွားလုပ်ငန်းကို ဦးတည်ချက်ထားလုပ်ဆောင်သွားရမည် ဖြစ်ပါကြောင်း။
ဝန်ကြီးဌာနအနေနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးကို ပြည်တွင်းသာမက နိုင်ငံတကာမှာလည်း မြှင့်တင်ဆောင်ရွက်လျက်ရှိရာမှာ မြန်မာနိုင်ငံ၏ ခရီးသွားဆွဲဆောင်မှုများကို ရိုက်ကူးထားသည့် စက္ကန့် (၃၀) ကြာ Video “Be Enchanted Now, Visit Myanmar Soon” ကို BBC တွင် ဇွန်လအတွင်း (၇၄) ကြိမ်ထုတ်လွှင့်ပြသနိုင်ရေးဆောင်ရွက်ခဲ့ပြီး Facebook, Website နှင့် Webportal များကနေ ခရီးသွားမြှင့်တင်ရေးလုပ်ငန်းတွေကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါကြောင်း။
ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်လာနိုင်ပြီး နိုင်ငံအတွင်းနှင့် နိုင်ငံတကာမှာ ထုတ်ပြန်ထားသော ခရီးသွားကန့်သတ်ချက်များ ဖြေလျော့ပေးခြင်း အခြေအနေများအပေါ် မူတည်၍ မိမိတို့ခရီးစဉ်ဒေသများအား ဘေးကင်းလုံခြုံစိတ်ချမှု ရှိသောခရီးစဉ် ဒေသများအဖြစ် အသင့်ဖြစ်နေစေရေး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီများနှင့် DMO အဖွဲ့များ၊ Industry Stakeholder များ အနေနှင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးတင်လတ်က ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ စီစဉ်ရေးဆွဲထားသည့် ကိုဗစ်-၁၉ မြန်မာ့ခရီးသွား မဟာဗျူဟာလမ်းပြမြေပုံတွင် မဟာဗျူဟာ (၃) ချက် ချမှတ်ထားပြီး အဆင့်ဆင့်အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို လည်းကောင်း၊ ခရီးသွားလုပ်ငန်းကို ပြည်တွင်းခရီးသွားများဖြင့် ပြန်လည်စတင်ရာတွင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ ဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ DMO များ ဖွဲ့စည်း၍ သက်ဆိုင်ရာဒေသအလိုက် ခရီးသည်များ ဘေးအန္တရာယ် ကင်းရှင်းရေး၊ ခရီးစဉ်ဒေသဖွံ့ဖြိုးရေးနှင့် အသစ်ဖော်ဆောင်ရေး လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေးတို့ကိုလည်းကောင်း၊ Guest List Management System စနစ်ကို တစ်နိုင်ငံလုံးရှိ ဟိုတယ်များ တစ်ပြေးညီအသုံးပြုနိုင်ရန် သက်ဆိုင်ရာ ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီများမှ ကြီးကြပ်ဆောင်ရွက်ရေးဆိုင်ရာများကိုလည်းကောင်း ပြောကြားသည်။
ယင်းနောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်က ခရီးသွားလုပ်ငန်းကော်မတီ (၁/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ မသန်စွမ်းသူများအနေဖြင့် အတားအဆီးမဲ့သွားလာနိုင်ရေး Burrier Free Tourism Pilot Project ရေးဆွဲနိုင်ရေးဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် Online မှ တက်ရောက်ကြသည့် ခရီးသွားလုပ်ငန်းကော်မတီဝင် နေပြည်တော် ကောင်စီနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကော်မတီဝင်ခရီးသွားလုပ်ငန်း တတ်သိပညာရှင်များ၊ ပုဂ္ဂလိကခရီးသွားလုပ်ငန်းအဖွဲ့အစည်း ကိုယ်စားလှယ်များက ကိုဗစ်-၁၉ ကာကွယ် တားဆီးရေးဆိုင်ရာထုတ်ပြန်ချက်များနှင့်အညီ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းတွင် လက်တွေ့ဖြစ်ပေါ်နေသည့် အခက်အခဲများနှင့် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ ခရီးစဉ်ဒေသစီမံခန့်ခွဲရေးကော်မတီ ဖွဲ့စည်းရေးဆိုင်ရာများ၊ ကိုဗစ်-၁၉ အလွန် ခရီးသွားလုပ်ငန်းပြန်လည် ဖွံ့ဖြိုးလာစေရေး၊ ခရီးစဉ်ဒေသများ စနစ်တကျရှိစေရေးနှင့် ခရီးသွားများ ဘေးအန္တရာယ် ကင်းရှင်းစွာ သွားလာလည်ပတ်နိုင်ရေးဆိုင်ရာများကို သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် နှင့် ဒုတိယဝန်ကြီး ဦးတင်လတ်တို့က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး ပေါင်းစပ်ဆောင်ရွက် ပေးခဲ့ပါကြောင်း သိရသည်။
(သတင်းစဉ်)


