ဒေါက်တာမျိုးကြွယ်(ပါမောက္ခချုပ် - ငြိမ်း)

ဩစတြေးလျနိုင်ငံ စိုက်ပျိုးမွေးမြူရေးကဏ္ဍ နိုင်ငံတကာတွင် ထိပ်တန်းရောက်နေရခြင်းသည် စိုက်ပျိုးမွေးမြူရေးပညာ အဆင့်မြင့်ပညာရေးနှင့် အသက်မွေးဝမ်း ကျောင်းလုပ်ငန်းပညာရေးတို့ နှစ်စဉ်တိုးတက်ပြောင်းလဲသင်ကြား၊ သုတေသနပြုလာမှုအပေါ် မူတည်၍ တိုးတက်နေပါသည်။ ထိုနိုင်ငံတက္ကသိုလ်များရှိ စိုက်ပျိုးမွေးမြူရေးပညာသင်ကြား၊ သုတေသနဆောင်ရွက်နေမှုများကို လေ့လာ၊ အတုယူနိုင်ရန် အမိနိုင်ငံအတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့်ပမာ ဆက်လက် ဆွေးနွေးလိုပါသည်။

Smart Campus (စမတ်တက္ကသိုလ်ကျောင်း ဝင်း/ နယ်မြေ) ဆိုသည်မှာ တက္ကသိုလ်၊ ကောလိပ် သို့မဟုတ် အဖွဲ့အစည်းတစ်ခု၏ အဆောက်အအုံများနှင့် လုပ်ငန်းစဉ်များအတွင်း ဒီဂျစ်တယ်နည်းပညာများနှင့် အင်တာနက် (Internet of Things - IoT) အာရုံခံကိရိယာများကို ပေါင်းစပ်အသုံးပြုထားသော စနစ်တစ်ခု ဖြစ်ပါသည်။

ဤစနစ်သည်

ကျောင်း၏ စီမံခန့်ခွဲရေးလုပ်ငန်းများကို ပိုမိုထိရောက်စေပါသည်။

ကျောင်းဝင်းအတွင်း လုံခြုံရေးကို မြှင့်တင်ပေးပါသည်။

ကျောင်းသား ကျောင်းသူများနှင့် ဝန်ထမ်းများအတွက် အသုံးပြုရ လွယ်ကူသော ဝန်ဆောင်မှုများကို ပံ့ပိုးပေးပါသည်။

မိုဘိုင်းအက်ပ်များနှင့် ချိတ်ဆက်ထားသော ဝန်ဆောင်မှုများမှတစ်ဆင့် အသုံးပြုသူ အတွေ့အကြုံကို ပိုမိုကောင်းမွန်စေပါသည်။

စမတ်တက္ကသိုလ်ကျောင်းဝင်း၏ အဓိကအစိတ်အပိုင်းများ

(က)    ဝင်ရောက်ခွင့်ထိန်းချုပ်မှု

စမတ်တက္ကသိုလ်နယ်မြေတွင် ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူ၊ ဧည့်သည်များ ဝင်ရောက် လေ့လာ၊ သင်ယူရာတွင် လူတိုင်းအသုံးပြုရသော ရိုးရာသော့စနစ်ကတ်များအစား လက်ကိုင်ဖုံး၊ ဒီဂျစ်တယ်စနစ်အမှတ်အသား၊ လက်ဗွေ၊ မျက်နှာအသိအမှတ်ပြုစနစ်တို့ကို အသုံးပြု၍ ကျောင်းဆောင်များ၊ စာသင်ခန်းများ၊ သုတေသနဓာတ်ခွဲခန်းများ၊ စာကြည့်တိုက် စသည်တို့သို့ ဝင်ရောက်ရသည့် စနစ်ဖြစ်ပါသည်။

(ခ)     နေရာစီမံခန့်ခွဲမှု

အင်တာနက်စနစ်များဖြင့် စာဖတ်ခန်း၊ စာကြည့်တိုက်၊ အစည်းအဝေးခန်း၊ ဆွေးနွေးခန်းတို့၏ အသုံးပြုနေမှုကို အချိန်နှင့်တစ်ပြေးညီ ပြသပေးနေပါသည်။

ထို့ကြောင့် ဘယ်နေရာလွတ်နေသလဲ၊ ဘယ်အခန်းအသုံးပြုနေသလဲ၊ ကျောင်းသား ကျောင်းသူများ ဆွေးနွေးရာတွင် ဘယ်အခန်းကို အသုံးပြုလျှင်ရမလဲ စသည်တို့ကို မိမိလက်ကိုင်မိုဘိုင်းဖုန်းမှ ကြည့်ရှုနိုင်၊ ကြိုတင်စာရင်းသွင်းထားခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။

(ဂ)     လုံခြုံရေးနှင့် စောင့်ကြည့်ရေး

ဉာဏ်ရည်တုနည်းပညာ (Artificial Intelli-gence - AI) ပါဝင်သော ကင်မရာများကို အသုံးပြု၍ သံသယဖြစ်ဖွယ်လှုပ်ရှားမှုများ၊ ကျောင်းတွင်း ယာဉ်အသွားအလာ၊ မီးလောင်မှု၊ လူစုလူဝေးစုစည်းမှု၊ အတွင်းလေထုအရည်အသွေးတို့ကို စောင့်ကြည့်ပေးပါသည်။ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ ကျောင်း များအတွင်း မလိုလားအပ်သောသူများ မဝင်ရောက်နိုင်ရေးအတွက် အလွယ်တကူစစ်ဆေးနိုင်သောအလွန်အရေးပါသော လုံခြုံရေးစနစ်တစ်ခု ဖြစ်နေပါသည်။

(ဃ)    လမ်းညွှန်စနစ်

တက္ကသိုလ်နယ်မြေအတွင်း (Campus Mobile Application) ကွန်ပျူတာစနစ်များမှ တစ်ဆင့် ကျောင်းအဆောက်အအုံများ၊ စာသင်ခန်းများ၊ စာကြည့်တိုက်၊ ဓာတ်ခွဲခန်းများကို ဂျီပီအက်စနစ် (GPS) နှင့် လက်ကိုင်ဖုန်းမြေပုံစနစ် (Indoor Map) များဖြင့် လွယ်ကူစွာ ရှာဖွေနိုင်ပါသည်။

(င) သင်ကြားရေးနှင့် စီမံခန့်ခွဲရေး

ဤစနစ် (Smart Campus) သည် သင်ကြား၊ သင်ယူမှုစီမံခန့်ခွဲမှုစနစ် (Learning Management System - LMS)၊ ကျောင်းတက်ရောက်မှု၊ အုပ်ချုပ်ရေး၊ စွမ်းအင်စီမံခန့်ခွဲမှုတို့ကို အခန်းတစ်ခန်း၊ စနစ် (Dashboard) တစ်ခုတည်းမှ စီမံခန့်ခွဲနိုင်ပါသည်။

Smart Campus စနစ်၏ အဓိကရည်ရွယ်ချက်

ဤစနစ်၏ အရေးကြီးဆုံး ရည်ရွယ်ချက်မှာ တီထွင်ဖန်တီးနိုင်သော လူ့စွမ်းအားအရင်းအမြစ် များကို မွေးထုတ်ပေးနိုင်သော သင်ကြား၊ သင်ယူမှု ပတ်ဝန်းကျင် (Smart Learning Environment) တစ်ခုဖန်တီးပေးရန် ဖြစ်ပါသည်။

သို့သော် Smart Campus ဆိုသည်မှာ နည်းပညာများကိုသာ တပ်ဆင်ထားခြင်းကို မဆိုလိုပါ။ အရေးကြီးသည်မှာ သင်ကြားရေး၊ ကျောင်းသားဗဟိုပြုသင်ယူမှု၊ လူသားအရင်းအမြစ် ဖွံ့ဖြိုး ရေးတို့ကို ဦးစားပေးရမည် ဖြစ်ပါသည်။

ဤစနစ်သည် ကျောင်းသားများနှင့် ဝန်ထမ်းများ၏လုပ်ငန်းများကို ပိုမိုလွယ်ကူမြန်ဆန်စွာ ဆောင်ရွက်နိုင်စေရန် ဒီဂျစ်တယ်နည်းပညာများကို အသုံးပြုထားပါသည်။

ဥပမာ— ကွန်ပျူတာမှ ကျောင်းသားစီမံခန့်ခွဲမှု စနစ် (Cloud-based Student Portal)၊ အတန်း အချိန်စာရင်း၊ အွန်လိုင်းမှ လေ့လာရန် အချက်အလက်များ၊ ဒီဂျစ်တယ်လက်မှတ်စနစ်၊ စမတ် စာသင်ခန်း၊ ပူးတွဲသုတေသနဆောင်ရွက်စနစ် (Research Collaboration Tools) စသည်တို့ကို အသုံးပြုနိုင်ပါသည်။

နမူနာအနေဖြင့် အမေရိကန်နိုင်ငံ ကင်တတ်ကီ တက္ကသိုလ် (University of Kentucky, USA)၊ တွင် ပန်းသီးတယ်လီဖုန်းကုမ္ပဏီ (Apple Tele-phone Co.)နှင့် ပူးပေါင်းပြီး ကျောင်းသား ကျောင်း သူတိုင်းအား ဒီဂျစ်တယ်ကိရိယာ (Digital Device) များ ထောက်ပံ့ပေးခဲ့ပါသည်။ ဤလုပ်ဆောင်ချက် ကြောင့် မြို့ပြတွင်နေသောကျောင်းသား ကျေးလက်တွင်နေသော ကျောင်းသား ကျောင်းသူများ အားလုံး ဒီဂျစ်တယ်လေ့လာရေးစနစ်ကို တန်းတူညီမျှ အသုံးပြုနိုင်ခဲ့ပါသည်။ ထို့ပြင် အီလက်ထရောနစ်အားကစား (Esports) ကိုလည်း အပြိုင်အဆိုင်အဖြစ် သာမက အပန်းဖြေအားကစားမိသားစုအုပ်စုတစ်ခု ဖွံ့ဖြိုးစေရန်ရည်ရွယ်ပြီး ပံ့ပိုးပေးထားပါသည်။

စာရေးသူ၏အတွေး

စိုက်ပျိုးမွေးမြူရေးခေတ်သစ်အတွက် အဆင့်မြင့် စမတ်တက္ကသိုလ်ကျောင်းဝင်းများနှင့် လက်တွေ့ သုတေသနပြုမှုများ၏ ဆန်းသစ်ပြောင်းလဲလာမှုနှင့်အတူ တိုးပွားလာသော ကမ္ဘာ့လူဦးရေ (၂၀၅၀) ပြည့်နှစ်တွင် လူဦးရေဆယ်ဘီလီယံအထိ ရှိလာမည်ဟု ခန့်မှန်းတိုးပွားလာမှု၊ ရာသီဥတုပြောင်းလဲမှု၊ သဘာဝအရင်းအမြစ်ရှားပါးမှုနှင့်လုပ်သားအင်အား လိုအပ်ချက်စသည့် ကြီးမားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပါသည်။

ဤစိန်ခေါ်မှုများကို လျှော့ချရန်အတွက် စိုက်ပျိုးမွေးမြူရေးကဏ္ဍသည် ရိုးရာစိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများမှသည် ဒီဂျစ်တယ်နည်းပညာ၊ အလိုအလျောက်စနစ်များကိုအခြေခံသည့် စမတ် စိုက်ပျိုးမွေးမြူရေး (Smart Agriculture) သို့မဟုတ် စိုက်ပျိုးမွေးမြူရေး ၄.၀ (Agriculture 4.0) သို့ ကူးပြောင်းလျက်ရှိနေပါသည်။ ဤအကူးအပြောင်းတွင် စိုက်ပျိုးမွေးမြူရေးဆိုင်ရာတက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံစသည့်အဆင့်မြင့်နှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရေးအဖွဲ့အစည်းများသည် အဓိက မောင်းနှင်အားများ ဖြစ်လာကြပါသည်။

တက္ကသိုလ်များသည် “စမတ်ကျောင်းဝင်းများ” (Smart Campuses) နှင့် “စမ်းသပ်စမတ်စိုက်ကွင်း များ” (Experimental Smart Farms) ကို တည်ထောင်ခြင်းဖြင့် အဆင့်မြင့်သုတေသနပြုခြင်း၊ နည်းပညာဆန်းသစ်ခြင်းနှင့် ဘာသာရပ်ပေါင်းစုံ သင်ကြားရေးတို့ကို တစ်ပြိုင်နက် လုပ်ဆောင်နိုင် သည့် “လက်တွေ့စမ်းသပ်ခန်းကြီးများ” (Living Laboratories) အဖြစ် ရပ်တည်လျက်ရှိရမည်ဖြစ်ပါ သည်။

နိုင်ငံတကာတွင်တော့ တက္ကသိုလ်များမှ ရှာဖွေ တွေ့ရှိခဲ့သော စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အသုံးချ သုတေသန (Applied Research in Agriculture) တွေ့ရှိချက်များသည် လက်ရှိစိုက်ပျိုးမွေးမြူနေသော တောင်သူဦးကြီးများအတွက် ခွန်အားတစ်ရပ်ဖြစ်နေ ပါသည်။ စိုက်ပျိုးမွေးမြူရေး အခြေပြုထားသော စာရေးသူတို့နိုင်ငံ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများ အတွက် အနည်းဆုံး ခေတ်မီ လေ့လာသင်ကြားမှုဆိုင်ရာစီမံခန့်ခွဲမှုစနစ် (LMS _Learning Manage-ment System) က ပထမဆုံးစတင်ရမည့် ဒီဂျစ်တယ်ပညာရေးစနစ် (Digital Education) ဖြစ်ရပါတော့ မည်။ ။