နေပြည်တော် ဇူလိုင် ၃၁

ခရီးသွားစစ်တမ်းများ စတင်ကောက်ယူခြင်း ဖွင့်ပွဲအခမ်းအနားနှင့် ပြည်ဝင်ခရီးသွား စစ်တမ်း (ပထမအကြိမ်)အတွက် အွန်လိုင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့တို့မှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နေပြည်တော် ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းနှင့် ခရီးသွားလုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်များ၊ စစ်တမ်းကောက်ယူကြမည့် အရာထမ်း၊ အမှုထမ်းများက  In-Person ဖြင့်တက် ရောက်ကြပြီး မုံရွာစီးပွားရေး တက္ကသိုလ်၊ မန္တလာတက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ၊ အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်(ရန်ကုန်)မှ ဌာနမှူးများ၊ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်(MTF) မှ ကိုယ်စားလှယ်များ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန နယ်ရုံးခွဲများမှ အရာထမ်း၊ အမှုထမ်းများက Hybrid စနစ်ဖြင့် တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံကို လာရောက်လည်ပတ်ကြသည့် ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ၏ ခရီးသွားရခြင်းရည်ရွယ်ချက်များ၊ နေထိုင်မှု ကာလ၊ အသုံးစရိတ်၊ ဝန်ဆောင်မှုများအပေါ် စိတ်ကျေနပ်မှုအခြေအနေ၊ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကြံပြုချက်များကို သိရှိနိုင်စေရန်အတွက် ပြည်တွင်း ပြည်ပ ခရီးသွားစစ်တမ်းများကို ကောက်ယူခြင်းဖြစ်ကြောင်း၊ ပြည်ဝင်ခရီးသွားစစ်တမ်း ကောက်ယူခြင်းကို ရန်ကုန်၊ မန္တလေး၊ တာချီလိတ်၊ မူဆယ်၊ ကော့သောင်းမြို့များရှိ နိုင်ငံတကာလေဆိပ်များ၊ နယ်စပ်ဂိတ်များ၊ ရေဆိပ်များနှင့် ပြည်တွင်းခရီးသွားစစ်တမ်းကို ခရီးသွားဆွဲဆောင်ရာနေရာများ၊ ဝင်/ထွက်ပေါက်များ၊ မီးရထားဘူတာရုံများတွင် ကောက်ယူ သွား မည်ဖြစ်ကြောင်း၊ ခရီးသွားဧည့်သည်များ၏ ခရီးသွားလုပ်ငန်းတွင် သုံးစွဲခဲ့မှုများကို ခရီးသွားစစ်တမ်း များကောက်ယူခြင်းမှသာ အနီးစပ်ဆုံး သိရှိနိုင်မှာဖြစ်ပြီး ၎င်းတို့သုံးစွဲခဲ့တဲ့ အသုံးစရိတ်များကတစ်ဆင့် ခရီးသွားလုပ်ငန်းမှ ဝင်ငွေ (Tourism Receipts)ကို တွက်ချက် သိရှိနိုင်မည် ဖြစ်သည့်အတွက် ခရီးသွားစစ်တမ်းများ စဉ်ဆက်မပြတ် ကောက်ယူသွားနိုင်ရေး ကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက ပြည်ဝင်ခရီးသွားစစ်တမ်း (ပထမအကြိမ်) ကောက်ယူသွားမည့် အစီအစဉ်များနှင့် စစ်တမ်း ကောက်ယူမည့် အရာထမ်း၊ အမှုထမ်းများအား သင်တန်းများ ဖွင့်လှစ်သင်ကြားပေးမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

ခရီးသွားစစ်တမ်း လေ့လာဖော်ထုတ်ချက်များမှ တဆင့် မြန်မာနိုင်ငံသားခရီးသွားများနှင့် နိုင်ငံတကာခရီးသွားများ၏ လိုအပ်ချက်များ၊ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် (Action Plan) များ ရေးဆွဲခြင်း၊ ခရီးသွားဆွဲ ဆောင်မှုပုံစံသစ်များ ဖော်ထုတ်ခြင်း၊ ကောင်းမွန်သည့် ဝန်ဆောင်မှုများ ဖြည့်ဆည်းဆောင်ရွက်ခြင်းနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ဈေးကွက်များ ရှာဖွေမြှင့်တင်ခြင်း (Market Assessment & Promotion) တို့ကို ထိရောက်စွာ ဆောင်ရွက် နိုင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်