၆ စက်တင်ဘာ
မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက် စီးပွားရေးလုပ်ငန်းများသည် နိုင်ငံတော်မှ အလုံးစုံတာဝန်ယူပြီး ကြိုးပမ်းခဲ့ရသော လုပ်ငန်းများဖြစ်ခဲ့သည်။ ယနေ့ခေတ်တွင် ပြည်သူများ ကိုယ်တိုင်ပါဝင်ကာ နိုင်ငံတော်၏ စီးပွားရေးမျှော်မှန်းချက်များကို ပူးပေါင်းပါဝင်ဆောင်ရွက်နေမှုများ တစ်နေ့တခြား ပိုမိုများပြားလာသည်။
မီးခိုးမထွက်သောစက်ရုံများဟု တင်စားခေါ်ဝေါ်လေ့ရှိသည့် ဟိုတယ်နှင့် ခရီးသွားကဏ္ဍတွင် ခရီးသွားလာရန် ကောင်းသောနေရာများကို ဖော်ထုတ်ရန်နှင့် ဖော်ထုတ်သော လုပ်ငန်းရှင်များကို နောက်မှအမှန်တကယ် ပံ့ပိုးမှုပေးနိုင်သော ငွေကြေးအဖွဲ့အစည်းတစ်ရပ် မြန်မာနိုင်ငံ၌ လိုအပ်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် ခရီးသွားလာရန်ကောင်းသော ရှေးဟောင်းဘုရားစေတီပုထိုးများ၊ ကိုလိုနီခေတ်လက်ရာ အဆောက်အအုံများ၊ ပင်လယ်ကမ်းခြေဒေသများ၊ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသများ စသည်ဖြင့် နေရာဒေသများစွာရှိသည်။
မြန်မာ့ခရီးသွားဘဏ်များ
ယခုအခါ မြန်မာနိုင်ငံ၏ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပေးနိုင်ရန်၊ နိုင်ငံ၏စီးပွားရေး လုပ်ငန်းများတွင် ဘဏ်လုပ်ငန်းဖြင့် တစ်တပ်တစ်အား အထောက်အပံ့ပေးနိုင်ရန်နှင့် ဟိုတယ်နှင့် ခရီးသွားကဏ္ဍသာမက အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ကာ မြန်မာ့ခရီးသွားဘဏ်များကို နိုင်ငံအနှံ့ ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
၂၀၁၉ ခုနှစ်အတွင်း စတင်ဖွင့်လှစ်လျက်ရှိသော မြန်မာ့ခရီးသွားဘဏ်အနေဖြင့် ခရီးသွားအများဆုံး လာရောက်သောနေရာများတွင် ဘဏ်ခွဲများဖွင့်လှစ်နိုင်ရန် ကြိုးစားလျက်ရှိကြောင်း သိရသည်။ ယခုနှစ် မေလ ၆ ရက်က ပထမဆုံး မြန်မာ့ခရီးသွားဘဏ်ကို ရန်ကုန်မြို့၌ ဖွင့်လှစ်ခဲ့ပြီး မန္တလး (ဘဏ်ခွဲ)ကို စက်တင်ဘာ ၁ ရက်က ဖွင့်လှစ်ခဲ့ကာ နေပြည်တော်၌ စက်တင်ဘာ ၁၂ ရက်တွင် ထပ်မံဖွင့်လှစ်မည် ဖြစ်ကြောင်းနှင့် နယ်စပ်ဒေသများဖြစ်သည့် မူဆယ်၊ တာချီလိတ်၊ မြဝတီ အစရှိသည့် မြို့များတွင် ဘဏ်ခွဲပေါင်း ၁၀ ခုအထိ ဖွင့်လှစ်သွားနိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။
ချေးငွေပေးမည့်ပုံစ
ံခရီးသွားကဏ္ဍရှိ အသေးစား အလတ်စား စီးပွားရေး လုပ်ငန်းများအပေါ် ချေးငွေထုတ်ချေးနိုင်ရန်နှင့်ပတ်သက်၍ မြန်မာ့ခရီးသွားဘဏ်ဥက္ကဋ္ဌ ဦးရန်ဝင်းက “ခရီးသွားကဏ္ဍမှာ အသေးစား၊ အလတ်စားလုပ်ငန်းလေးတွေများတယ်။ ဟိုတယ် ကဏ္ဍမှာလည်း ဟိုတယ်အသေးစားလေးတွေ၊ တည်းခိုခန်း အသေးစားလေးတွေရှိတယ်။ အခုဘဏ်လုပ်ငန်းမှာ ဒီလုပ်ငန်း ငယ်လေးတွေကို ဘယ်လိုချေးငွေတွေပေးမလဲဆိုတော့ ခရီးသွားကဏ္ဍက ချေးငွေလိုတဲ့အဖွဲ့အစည်းတွေပေါ့။ သူတို့မှာက လုပ်ငန်းကလည်း သိပ်မကြီးဘူး။ အာမခံလည်း ပေးစရာမရှိ ဘူးဆိုရင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းက ယုံကြည်မှုနဲ့ ထောက်ခံပေးရမယ်။ နောက်ပြီးတော့ အာမခံ ချက်တစ်ခု ဝယ်ပေးရမယ်။ အာမခံကုမ္ပဏီကနေ ထိုက်သင့် သလောက်ပေါ့။ ၆၀ ရာခိုင်နှုန်းအထိ ကာဗာဖြစ်တဲ့ အာမခံကို ဝယ်ပေးမယ်ဆိုရင် ကျွန်တော်တို့က အသေးစား၊ အလတ်စား လုပ်ငန်းလေးတွေကို သိန်း ၂၀ဝ စီ စချေးဖို့ ပြင်ဆင်နေပါတယ်။ နောင်ကျရင်တော့ ဒါထက်တိုးပြီး ပေးနိုင်အောင် လုပ်ပါမယ်။ အာမခံပစ္စည်းပေးနိုင်တဲ့သူကိုတော့ ငွေကြေးကန့်သတ်ချက် မထားဘူးပေါ့။ သူ့စီးပွားရေးအပေါ် မူတည်တယ်။ အာမခံ ပစ္စည်းပေးနိုင်တဲ့အပေါ် မူတည်ပြီးတော့ ပိုက်ဆံတွေကို ဒါထက်တိုးပြီး ချေးသွားလို့ရတယ်။ အာမခံပစ္စည်းမပေးနိုင်တဲ့ သူကိုတော့ လက်ရှိမှာ သိန်း ၂၀ဝ စပြီးချေးပေးဖို့ ပြင်ဆင်နေပါတယ်”ဟု မြန်မာ့အလင်း၏ အမေးကို ဖြေကြားသည်။
နောင်အနာဂတ်တွင် မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန် စီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်အောင် ဘဏ်များအနေဖြင့် အဓိက ပံ့ပိုးပေးရမည်ဖြစ်ရာ နိုင်ငံအတွင်းရှိ ဘဏ်များသည် မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍအတွက်ဖြစ်စေ၊ စီးပွားရေးကဏ္ဍအတွက်ဖြစ်စေ လုပ်ငန်းရှင်များအတွက် ရေရှည်အကျိုးရှိစေမည့် အတိုးနှုန်းသက်သာသော နှစ်ရှည်ချေးငွေများ ပေးနိုင်အောင် ဆက်လက် ကြိုးစားသွားရမည်ဖြစ်သည်။
ငွေစာရင်းဖွင့်လှစ်နိုင်
မြန်မာ့ခရီးသွားဘဏ်၏ အမြတ်ငွေမှ ငါးရာခိုင်နှုန်းကို ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေအဖြစ် အသုံးပြုသွားမည်ဟုလည်း သိရသည်။ မြန်မာ့ခရီးသွား လုပ်ငန်းရှင်များအနေဖြင့် မှန်မှန်ကန်ကန်ဖြင့် စနစ်တကျ ကြိုးစားအလုပ်လုပ်မည်ဆိုပါက မြန်မာ့ခရီးသွားဘဏ်အနေဖြင့် ရင်းနှီးမြှုပ်နှံမှုပြုလုပ်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့ခရီးသွားဘဏ်၌ စာရင်းရှင်အပ်ငွေစာရင်း၊ ငွေစုဘဏ်အပ်ငွေစာရင်း၊ ခေါ်ယူအပ်ငွေစာရင်း၊ စာရင်းသေအပ် ငွေစာရင်းစသော အပ်ငွေများကို အသက် ၁၈ နှစ်ပြည့်ပြီးသူ တိုင်း မှတ်ပုံတင်နှင့်အတူ စာရင်းဖွင့်လှစ်နိုင်ကြောင်း သိရသည်။ တစ်ဦးချင်းဖြစ်စေ၊ တစ်ဦးထက်ပိုသော တွဲဖက်စာရင်း ဖြစ်စေ၊ လူမှုရေးဘာသာရေးနှင့် စီးပွားရေးအဖွဲ့အစည်း အမည်များဖြင့်ဖြစ်စေ စာရင်းဖွင့်လှစ်နိုင်ကြောင်း သိရသည်။ ခရီးသွားကဏ္ဍဆိုသည်မှာ သီးခြားရပ်တည်နိုင်ခြင်းမရှိဘဲ အခြားအခြေခံကျသော ကဏ္ဍများဖြစ်သည့် လူနေအဆောက်အအုံနှင့် ဟိုတယ်အဆောက်အအုံများပါဝင်သော ဆောက်လုပ်ရေးကဏ္ဍ၊ လျှပ်စစ်မီးနှင့် စွမ်းအင်ထုတ်လုပ်ရေးကဏ္ဍ၊ စက်မှုလက်မှုကဏ္ဍ၊ စားသောက်ကုန်နှင့် လူသုံးကုန် ထုတ်လုပ်မှုကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့် ပို့ကုန်သွင်းကုန်ကဏ္ဍ စသော နိုင်ငံအတွင်းရှိ ကဏ္ဍအသီးသီး တိုးတက်မှသာ ခရီး သွားလုပ်ငန်းသည်လည်း ရည်မှန်းသလောက် အောင်မြင်တိုးတက်မည်ဖြစ်သည်။
ထင်ပေါ်ဝင်း(ကမာရွတ်)


