ခရီးသွားကဏ္ဍ ဖွံ့ ဖြိုးရေး အစိုးရ၊ ပုဂ္ဂလိက၊ ပြည်သူ လက်တွဲပေး

ခင်မောင် (ဟိုတယ်ခရီး)

 

ယမန်နေ့မှအဆက်

 

ဒေသခံပြည်သူများ ခရီးသွားလုပ်ငန်းတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပြီး ခရီးသွားလုပ်ငန်းမှ ဝင်ငွေနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်ရန် ရည်ရွယ်၍ ခရီးသွားများစိတ်ဝင်စားသည့် ဒေသများတွင် လူထုအခြေပြု ခရီးသွားလုပ်ငန်း (Community-Based Tourism) များ အကောင်အထည် ဖော်နိုင်ရေးအတွက် ကျွမ်းကျင်သူများ၏ နည်းစနစ် အကူအညီများဖြင့် ပံ့ပိုးကူညီဆောင်ရွက်လျက်ရှိပါသည်။ ဒေသခံများအား ခရီးသွားလုပ်ငန်းနှင့် ပတ်သက်သော အသိပညာပေးမှုများ၊ သင်တန်းများပေးခြင်းများ ဆောင်ရွက်ပြီး စနစ်တကျ အကောင်အထည်ဖော်လျက်ရှိရာ ယခုအခါ CBT Sites ၁၀ ခုကို အောင်မြင်စွာ ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ဆက်လက်၍လည်း ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် ပင်းတယမြို့နယ်ရှိ စီးကျအင်း၊ ပင်စိမ်းပင်ရွာများ၊ ရွာငံမြို့နယ်ရှိရာဇကြီးရွာနှင့် တောင်မြင့်ရွာ၊ ညောင်ရွှေမြို့နယ်ရှိ လယ်နွဲ့ဘုရားတောင်၊ ရေဆိပ်ကျေးရွာ၊ စကားကျေးရွာနှင့် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ် ဆင်တောင်ကျေးရွာတို့၌ Community-Based Tourism ကို စတင်ဖော် ဆောင်လျက်ရှိပါသည်။ ယင်း CBT Sites များကို ဖော်ထုတ်ခြင်းဖြင့် ဒေသခံများ၏ လူမှုစီးပွားဖွံ့ဖြိုးမှုကို တစ်ဖက်တစ်လမ်းမှ ဖြေရှင်းနိုင်ရေး အထောက်အကူပြုနိုင်မည်ဖြစ်ပြီး ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံရှိ ဒေသခံပြည်သူလူထု၏ လူနေမှု နေ့စဉ်ဘဝများ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို နီးနီးကပ်ကပ် ကိုယ်တိုင် ပါဝင်လေ့လာနိုင်ပြီး အတွေ့အကြုံသစ်များ ရရှိစေမည်ဖြစ်ပါသည်။

 

ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်ခြင်း

 

ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရာတွင် အစိုးရမှ မူဝါဒများ ချမှတ်သူဖြစ်ပြီး ပုဂ္ဂလိကကဏ္ဍသည် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နေသူများ၊ မြေပြင်တွင် နိုင်ငံတကာ ခရီးသည်များနှင့် ထိတွေ့ဆက်ဆံ ဆောင်ရွက်နေကြသူများ ဖြစ်ကြပါသည်။ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ ဦးဆောင်ကာ ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်း ဆောင်ရွက်မှုအဖြစ် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်နှင့် လက်အောက်ခံ ညီနောင်အသင်း ၁၁ သင်း၏ပူးပေါင်းပါဝင်မှုဖြင့် ခရီးသွားပြပွဲများတွင် သွားရောက်ပြသခြင်း၊ ဆွေးနွေးအကြံပြုချက်များ ရယူခြင်း၊ မြန်မာနိုင်ငံ၏ ခရီးသွားဈေးကွက်မြှင့်တင် ဆောင်ရွက်ခြင်း၊ ခရီးသွားနယ်ပယ်ရှိ ဝန်ထမ်းများ၏ အရည်အသွေး တိုးတက်ရေး၊ ခရီးစဉ်ဒေသများ၏အဆင့်အတန်း မြင့်မားရေး စသည်တို့တွင် ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။

 

ပုဂ္ဂလိကလုပ်ငန်းရှင်များအား ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ဧည့်လမ်းညွှန်လိုင်စင်၊ ခရီးသွားလာသူများ ပို့ဆောင်ရေး လိုင်စင်၊ ခရီးလှည့်လည်ရေး လုပ်ငန်းလိုင်စင်၊ ဟိုတယ်နှင့်တည်းခိုရိပ်သာ လုပ်ငန်းလိုင်စင် စသည့် လိုင်စင်လေးမျိုး ထုတ်ပေးလျက်ရှိရာ လုပ်ငန်းလိုင်စင်များ လျှောက်ထားရာတွင် လွယ်ကူစေရန်အတွက် Online မှ လျှောက်ထားခြင်းကို ၂၀၁၆ ခုနှစ်တွင် စတင်ဆောင်ရွက်ပေးခဲ့ပြီး လုပ်ငန်းရှင်များမှ ပေးသွင်းရသည့် လုပ်ငန်းလိုင်စင် ကြေးများကိုလည်း၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ စတင်၍ ၅၀ ရာခိုင်နှုန်းလျှော့ချ ကောက်ခံခဲ့ပါသည်။ ထို့အတူ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဥပဒေသစ်ကို ပြင်ဆင်ရေးဆွဲ၍ ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့တင်ပြထားပြီး ဥပဒေသစ်ပြဋ္ဌာန်းပြီးပါက ဝန်ကြီးဌာနမှ ခွင့်ပြုထုတ်ပေးလျက်ရှိသော လုပ်ငန်းလိုင်စင်များအား တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များက စီမံခန့်ခွဲ ခွင့်ပြုထုတ်ပေးနိုင်တော့မည်ဖြစ်ရာ ပုဂ္ဂလိက လုပ်ငန်းရှင်များ အနေဖြင့် ပိုမိုအဆင်ပြေစွာ ဆောင်ရွက်နိုင်တော့မည် ဖြစ်ပါသည်။

 

ထို့အပြင် ပြည်တွင်းဘုရားဖူး လုပ်ငန်းရှင်များအသင်းကို အားပေးမြှင့်တင်သည့်အနေဖြင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလအထိ ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှု အသိအမှတ်ပြု လက်မှတ် ၅၀ ခန့် ထုတ်ပေးခဲ့ပြီး၊ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ယင်းအသင်း၏ လိုအပ်ချက်များကို ပံ့ပိုးကူညီခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။ သို့ဖြစ်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်တွင်းဘုရားဖူးနှင့် ခရီးသွား ဝန်ဆောင်မှုအသင်းမှ အသင်းဝင် လုပ်ငန်းရှင်များ၏ ဘုရားဖူးနှင့် ခရီးသွား မော်တော်ယာဉ်များအား ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်အတွင်းနှင့် မြို့တွင်းမှ ပြင်ပသို့ထွက်ရာလမ်းများရှိ အဓိကအချက်အချာကျသော ကမ်းနားလမ်း (ဗိုလ်တထောင်ဘုရား)၊ အောက်ကြည့်မြင်တိုင်လမ်း (သခင်မြပန်းခြံ)၊ ကြည့်မြင်တိုင်ဘူတာ၊ စလင်းကွင်း၊ ဘုရင့်နောင်လမ်းမှ (ချောင်းဝ)၊ အင်းစိန်လမ်းမ(ကမာရွတ်)၊ စံရိပ်ငြိမ်သံလမ်း၊ သမိုင်းလမ်းဆုံ၊ ဘီအိုစီကွေ့၊ ပြည်လမ်းမ၊ မဟာမြိုင်၊ ၈ မိုင်၊ ၉ မိုင်၊ ၁၀ မိုင်၊ စော်ဘွားကြီးကုန်း၊ ခရေပင်လမ်းခွဲ၊ မင်္ဂလာဒုံ (ဝါယာလက်)၊ တာမွေမြို့နယ်တွင် အသောက၊ တာမွေပလာဇာ စသည့်နေရာများသို့ ည ၉ နာရီကျော် အချိန်တွင် ဝင်ရောက်ခွင့်နှင့် ခရီးသည်များကို မောင်းတင်စနစ်ဖြင့် တင်ဆောင်ခွင့်ပြုနိုင်ရေး ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ရာ သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရမှ ခွင့်ပြုပေးခဲ့သဖြင့် ဘုရားဖူးဝန်ဆောင်မှု ဆောင်ရွက်သူ လုပ်ငန်းရှင်များမှ ဘုရားဖူးများအတွက် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်လျက်ပါသည်။

 

ခရီးစဉ်ဒေသများတွင် လိုအပ်လျက်ရှိသော Public Toilet များ ခရီးစဉ်ဒေသအလိုက် စနစ်တကျပေါ်ထွန်းလာ စေရေးအတွက် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ဒေသအလိုက် အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းရှင်များမှ ဆောင်ရွက်လိုစိတ် ပိုမိုဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အခမ်းအနား ကျင်းပရာတွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့အား ပြည်တွင်း၊ ပြည်ပ ဘုရားဖူးများ အသုံးပြုရန် (အခမဲ့) သန့်စင်ခန်းများ စနစ်တကျ စီစဉ်ပေးခြင်း ဆောင်ရွက်ခဲ့သဖြင့် hfPublic Toilet ဆုကို ချီးမြှင့်ပေးခဲ့ခြင်းဖြင့် အားပေးဆောင်ရွက်ခဲ့ပါသည်။ အလားတူပင် ASEAN Green Hotel? Green Rest Room? Green Restaurant စံနှုန်းများကို သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန် အသိပညာပေးခြင်း လုပ်ငန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဆောင်ရွက်ပေးခဲ့ပါသည်။

 

ဈေးကွက်ဦးတည်ခြင်း

 

မြန်မာနိုင်ငံသို့ နိုင်ငံတကာဧည့်သည်များ မျှော်မှန်းသလောက် မလာရောက်၍ ခရီးသွားဧည့်သည်များလျော့နည်းသွားပါက ခရီးသွားလုပ်ငန်း ကဏ္ဍကို ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်နိုင်ပါသည်။ ယခုအခါ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနသည် ခရီးသွားလုပ်ငန်းဖွံ့ ဖြိုးရေးအတွက် ရည်မျှော်အားထားခဲ့သော အနောက်နိုင်ငံဈေးကွက် အစား ဈေးကွက်အင်အား ကြီးပြီး အလားအလာကောင်းသော ASEAN+3 နိုင်ငံများ၏ ဈေးကွက်ရရှိနိုင်ရန် နည်းလမ်းရှာ ထိုးဖောက်ခြင်းဖြင့် ၂၀၁၈ ခုနှစ် နှစ်သစ်တွင် ခရီးသွားလုပ်ငန်းကို စတင်ဖွင့်လှစ်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ဂျပန်ခရီးသွား ဈေးကွက်ကို ဦးတည်သည့်အနေဖြင့် ဂျပန်နိုင်ငံတွင် ပြုလုပ်သော JATA Tourism Expo ခရီးသွား ပြပွဲသို့ သွားရောက်ပြသခဲ့သည့် အပြင် ဂျပန် - မြန်မာချစ်ကြည်ရေး ချယ်ရီပန်းစိုက်ပျိုးရေး ပွဲတော်ကို ပြုလုပ်ခဲ့ပြီး ထိုသို့ ချယ်ရီပန်းများ စိုက်ပျိုးခြင်းဖြင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိပြီး ဂျပန်နိုင်ငံမှ ခရီးသွားများအား ဆွဲဆောင်နိုင်မည်ဖြစ်ကာ ပြည်တွင်း ခရီးသွားများ အတွက်လည်း လည်ပတ် အပန်းဖြေစရာ နေရာတစ်ခု တိုးလာမည်ဖြစ်ပါသည်။ တရုတ်နိုင်ငံနှင့် ခရီးသွား လုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုအဖြစ် ပထမအကြိမ် တရုတ်မြန်မာ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကို ၂၀၁၇ ခုနှစ် မတ်လတွင် ကျင်းပခဲ့သည့် အပြင် တရုတ် - မြန်မာခရီးသွား ပြပွဲများလည်း ကျင်းပနိုင်ခဲ့ပါသည်။ ကိုရီးယား - မြန်မာ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုအဖြစ် ASEAN - Korea Center နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာကိစ္စများတွင် ပူးပေါင်းလုပ်ဆောင် လျက်ရှိပါသည်။

 

 

မြန်မာနိုင်ငံအား ပိုမိုသိရှိစေရန် ကြော်ငြာခြင်း

 

မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် သဘာဝအရင်းအမြစ်၊ ယဉ်ကျေးမှု အမွေအနှစ်များ၊ လည်ပတ်စရာ လှပသော ခရီးစဉ်ဒေသများ ပေါကြွယ်သော နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ သို့သော် အခြားနိုင်ငံများကဲ့သို့ ငွေကြေး များစွာ သုံးစွဲပြီး ခရီးစဉ်ဆိုင်ရာ ကြော်ငြာမြှင့်တင်မှုတွင် တွင်ကျယ်စွာ မဆောင်ရွက်နိုင်သောကြောင့် မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများ အကြောင်းကို နိုင်ငံတကာ ခရီးသွား ဈေးကွက်တွင် လူသိနည်းလျက် ရှိနေဆဲဖြစ်ပြီး လာရောက်လည်ပတ်သည့် ခရီးသွား အရေအတွက်မှာ အခြားဒေသတွင်းနှင့် အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် နည်းပါးနေဆဲ ဖြစ်ပါသည်။ သို့ဖြစ်၍ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ပုဂ္ဂလိကခရီးသွားလုပ်ငန်း အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ASEAN Tourism Forum ? ITBBerlin ? WTM (Landon)? JATA Tourism Expo CITMM(China) စသော နိုင်ငံတကာ ခရီးသွားပြပွဲများတွင် ပူးပေါင်းပါဝင်ကာ မြန်မာနိုင်ငံခရီးစဉ်ဒေသများအား ပိုမိုသိရှိလာနိုင်မည့်အတွက် မြန်မာနိုင်ငံ၏ ခရီးစဉ်များကို ပြသမြှင့်တင်ရှင်းလင်းခြင်းဖြင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။

 

 

ယနေ့ခေတ်တွင် ခရီးသွားများသည် ခရီးသွားလာရာတွင် Social Media များကို အသုံးပြု၍ ခရီးစဉ်ဒေသများကို  ရှာဖွေလာကြခြင်း၊ ခရီးသွားအတွေ့အကြုံများကို Words of Mouth မှ Social Media များတွင် ပြန်လည်ဝေမျှခြင်း စသည်တို့ကို ပြုလုပ်လာကြပြီဖြစ်သည့်အတွက် မြန်မာနိုင်ငံ ခရီးစဉ်ဒေသများကို နိုင်ငံခြားသား ခရီးသည်များ သိရှိနိုင်စေရန် ဝန်ကြီးဌာန၏တရားဝင် Website တွင် မြန်မာ၊ အင်္ဂလိပ် ဘာသာနှစ်မျိုးအပြင် မြန်မာနိုင်ငံ၏ အဓိက ခရီးသွား ဈေးကွက်နိုင်ငံများ ဖြစ်သော စပိန်၊ ထိုင်း၊ ကိုးရီးယား၊ ဂျပန်၊ တရုတ်၊ အီတလီ၊ ဂျာမန်၊ ပြင်သစ် ဘာသာစကားများဖြင့် ခရီးသွားလုပ်ငန်း သတင်း အချက်အလက်များကို လွှင့်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ စပိန်နှင့် အီတလီ ဘာသာစကား နှစ်မျိုးမှလွဲ၍ ဘာသာစကား ခြောက်မျိုးအား၂၆.၁၂.၂၀၁၇ ရက်နေ့မှ စတင်အသုံးပြုကြည့်ရှုနိုင်ရန် လွှင့်တင်ခြင်း၊ နိုင်ငံတကာတွင် လူသုံးများသည့် Social Media များဖြစ်သည့် Facebook? Youtube ?Twitter ? Linkedin ? Pinterest စသည်တို့တွင် ကြော်ငြာခြင်း စသည့် သတင်းအချက်အလက် ဖြန့်ဝေမှုများကို ပြုလုပ်လျက်ရှိပါသည်။ လက်ရှိတွင်လည်း လိုင်စင်ရ ခရီးသွားကုမ္ပဏီများ၊ ဟိုတယ်များ၏ ဈေးကွက်မြှင့်တင်ရေးဆိုင်ရာ အချက်အလက်များအား ဝန်ကြီးဌာန၏တရားဝင် Website www.tourism.gov.mm တွင် လွှင့်တင်ပေး ခြင်းဖြင့် ဈေးကွက်မြှင့်တင်ရေး ဆောင်ရွက်ပေးလျက်ရှိပါသည်။

 

 

နိဂုံးချုပ်ဆိုရသော် ခရီးသွားလုပ်ငန်း ဖွံ့ ဖြိုးရန် အခြေခံအဆောက်အအုံများ ပြည့်စုံခြင်း၊ နိုင်ငံတွင်း သွားလာလည်ပတ်ရာတွင် လုံခြုံစိတ်ချမှုရှိခြင်း၊ ဝန်ဆောင်မှုကောင်းမွန်ခြင်း၊ ခရီးသွား ဧည့်သည်များအား စိတ်ပျော်ရွှင် ချမ်းမြေ့ဖွယ်၊ အမှတ်ရဖွယ် ခရီးစဉ်များကို စီစဉ်ဆောင်ရွက်ပေးနိုင်ခြင်း၊ ဈေးကွက်ကြော်ငြာမှု အားကောင်းခြင်း စသည်တို့ လိုအပ်ပါသည်။ ထို့ပြင် နိုင်ငံတော်အစိုးရ၏ အားပေးကူညီမှု၊ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ၏ ဦးဆောင်မှု၊ ဆက်စပ် ဝန်ကြီးဌာနများ၏ ပံ့ပိုးပူးပေါင်းဆောင်ရွက်မှုနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူလူထု၏ လက်တွဲဆောင်ရွက်မှုများဖြင့် နိုင်ငံတော်အစိုးရနှင့် ပြည်သူများခရီးသွား လုပ်ငန်းမှတစ်ဆင့် ဝင်ငွေများ၊ အလုပ်ကိုင်အခွင့် အလမ်းများ ရရှိအောင် လုပ်ဆောင် ဖန်တီးပေးခြင်းတို့ဖြင့် ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်း ဖြစ်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိနေပါကြောင်း တင်ပြလိုက်ရ ပါသည် ။     ။