မန္တလေး  ၁  စက်တင်ဘာ 


ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် မြန်မာ့ခရီးသွားဘဏ်လီမိတက် (မန္တလေး)ဘဏ်ခွဲဖွင့်ပွဲကို ယနေ့ကျင်းပပြုလုပ်ခဲ့သည်။


နိုင်ငံခြားငွေရှာဖွေပေးနေသော ဟိုတယ်နှင့် တိုရစ်ဇင်လုပ်ငန်းများနှင့် ဆက်နွယ်သောလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊ ငွေရေး ကြေးရေးနှင့် ပတ်သက်သောလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်အတွက် ရည်ရွယ်ပြီး မြန်မာ့ခရီးသွားဘဏ်ကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။


‘ခရီးသွားဧည့်သည်တွေ ငွေကြေးသုံးစွဲတဲ့အခါ အဆင်ပြေပြေပေးနိုင်အောင်သူတို့က ခရက်ဒစ်ကတ် နဲ့ပေးတာ၊ ဝီချက်နဲ့ပေးဆောင်တာတွေကို ဘဏ်စနစ်ထဲမှာ စနစ်တကျသွားမယ်။ နိုင်ငံတော်ကလည်း ထိုက်သင့်တဲ့အခွန်ရမယ်ဆိုတဲ့ စနစ်ကိုဖော်ဆောင်ဖို့ ကြိုးစားနေပါတယ်။ ဒါအောင်မြင်သွားရင် နိုင်ငံတော်လည်းအကျိုးရှိမယ်။ ခရီးသွားလုပ်ငန်းတွေလည်း အကျိုးရှိမယ်’ဟု မြန်မာ့ခရီးသွားဘဏ်ဥက္ကဋ္ဌ ဦးရန်ဝင်းက ပြောသည်။


မြန်မာ့ခရီးသွားဘဏ်(MTB) သည် လာမယ့်ဘဏ္ဍာနှစ် ၅ နှစ်အတွင်း ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ၊ ဘဏ္ဍာရေးအထောက်အပံ့ဝန်ဆောင်မှုမျာ ဦးစားပေးဆောင်ရွက်ရေး၊ ဘဏ်လုပ်ငန်းဆိုင်ရာ အရည်အသွေးမြှင့်တင်မှုများကို နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရေး၊ ဝန်ဆောင်မှုအသစ်များကို ပြောင်းလဲနေသော နိုင်ငံ့စီးပွားရေးနဲ့အညီ အထောက်အကူပြုစေရန် ပြင်ဆင်ဆောင်ရွက်ရေး၊ ဘဏ်အတွင်း မူဝါဒများကို အပြန်အလှန်ထိန်းကျောင်းဆောင်ရွက်ရေး၊ ဝန်ထမ်းကောင်းများ မွေးထုတ်တည်မြဲရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာ့ခရီးသွားဘဏ်(MTB) တွင် အချိန်ပိုင်းချေးငွေ၊ စာရင်းပိုထုတ်ချေးငွေ၊ အငှားဝယ်စနစ်ချေးငွေ၊ အိမ်ရာချေးငွေ၊ SME ချေးငွေ၊ ခရီးသွားဝန်ဆောင်မှုချေးငွေ၊ ပညာရေးဝန်ဆောင်မှုချေးငွေ၊ ဝန်ထမ်းချေးငွေများကိုလည်း ဆောင်ရွက်ပေးနေကြောင်း သိရသည်။


မြန်မာ့ခရီးသွားဘဏ်ကို ရန်ကုန်မြို့တွင်လည်း ဖွင့်လှစ်ထားပြီး နေပြည်တော်တွင်လည်း ဆက်လက်ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိရသည်။


အိမို့မို့ခိုင်