ကော့သောင်း ၊  ၂၅  ဒီဇင်ဘာ

 

ဒေသတွင်း ခရီးသွားလုပ်ငန်းကဏ္ဍ ပြန်လည်ထူထောင်ရေး ကော့သောင်း ခရိုင်အဆင့် ခရီးစဉ် ဒေသစီမံခန့်ခွဲမှုအဖွဲ့ Destination Management Organisation (DMO)အဖွဲ့ ညှိနှိုင်းဆွေးနွေးပွဲ တစ်ရပ်ကို ယမန်နေ့မွန်းလွဲပိုင်းက ကော့သောင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပြုလုပ်သည်။

 

အစည်းအဝေးတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦးက အဖွင့်ပြောကြားပြီး ကော့သောင်းခရိုင်၊ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအာကာထွန်း က ကော့သောင်း ခရိုင်အဆင့် ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့၏ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

 

အဆိုပါ ခရိုင်အဆင့် ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့(DMO)အား ဒေသတွင်း တာဝန်ရှိဌာနဆိုင်ရာများ၊ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းရှင်များ၊ ဧည့်လမ်းညွှန်အသင်းဝင်များဖြင့် ဒေသတွင်း ရှိတိုင်းရင်းသား ရိုးရာယာဉ်ကျေးမှု ဓလေ့ထုံးတမ်းနှင့် သဘာဝအရင်းအမြစ်များကိုအခြေခံကာ ဝန်ဆောင်မှု ပေးမည့် ခရီးစဉ်များဖေါ်ထုတ်နိုင်ရေး ခရီးစဉ်ဒေသစီမံခန့်ခွဲမှုလုပ်ငန်းတာဝန်(၂၁)ချက်ဖြင့် ဖွဲ့စည်းတာဝန်ပေး အပ်ထားခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါ၏ သက်ရောက်မှုများကို တုံ့ပြန်ဖြေရှင်းနိုင်ရေးနှင့် ကိုဗစ်-၁၉ အလွန် ကာလများတွင် ပြည်တွင်းပြည်ပ ခရီးသွား လုပ်ငန်းများ ပြန်လည်ကောင်းမွန်လာချိန် ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ရာတွင် အဆင်ပြေချောမွတ်စေရေး၊ လုံခြုံရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေး၊ လူထုအခြေပြု ခရီးသွားလုပ်ငန်း ကဏ္ဍဖွံ့ဖြိုးတိုးတက်လာရေး နှင့်မြန်မာ့ခရီးသွား ကဏ္ဍပြန်လည် ဦးမော့လာရေး လုပ်ငန်းစဉ်များအား ကြိုတင်စီမံဖေါ်ထုတ် ရေးဆွဲထား နိုင်ရန်အတွက် ရည်ရွယ်ကြောင်း သိရသည်။

 

အစည်းအဝေးတွင် တက်ရောက်လာသည့် တာဝန်ရှိဌာနဆိုင်ရာများ၊ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းရှင်များ၊ ဧည့်လမ်းညွှန်အသင်းအလွှာအသီးသီးမှ ခရီးသွားလုပ်ငန်းခရီးစဉ်ဆိုင်ရာ ကိစ္စရပ်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြသည်။

 

ကော့သောင်းဒေသနေဖြင့် ခရီးသွားကဏ္ဍတွင် မြို့တွင်းခရီးစဉ်များထက် ပင်လယ်ကျွန်း ခရီးစဉ်များက  ခရီးသွားဧည့်သည်များကို ပိုမိုဆွဲဆောင်နိုင်ကြောင်း၊ နေ့ချင်းပြန် Day Trip ခရီးစဉ်များ လည်ပတ်နိုင်သည့် သာယာလှပသည်ကျွန်း(၁၁)နေရာခန့်၊ Adventure/Snorkeling Trip ပြုလုပ်နိုင်မည့် ပင်လယ်ကျွန်း(၂၆)နေရာခန့်၊ Diving Trip ပြုလုပ်နိုင်မည့် ကျွန်း(၁၃)နေရာခန့်ရှိကြောင်း၊ ထို့အပြင် ကမ္ဘာလှည်ခရီးသွားများစိတ်ဝင်စားသည့် ရှားပါးလူသားမျိုးနွယ်စု ဆလုံ(ခ)မော်ကင်း လူမျိုးများလည်း ပင်လယ်ကျွန်း တစ်ချို့တွင် လေ့လာတွေ့ရှိနိုင်ကြောင်း၊ ယခင်ကာလများက စင်္ကာပူနိုင်ငံမှ ဇိမ်ခံသင်္ဘော Cruise ကြီးများ ထိုင်းနိုင်ငံ ဖူးခက်ဒေသများမှတဆင့် နေ့ချင်းပြန်ခရီးစဉ်များအဖြစ် ကော့သောင်းဒေသ ပင်လယ်ကျွန်းများသို့ ဝင်ရောက်လည်ပတ်မှုများရှိကြောင်း ကော့သောင်းခရိုင်၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။

 

ကျော်စိုး (ကော့သောင်း)