မန္တလေး ၇  ဖေဖော်ဝါရီ 


ခရီးသွားကဏ္ဍမြင့်တင်ရေးအတွက် ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်း(မန္တလေးဇုန်)တို့မှ ပူးပေါင်းကျင်းပသည့် ပထမအကြိမ် မြန်မာ့ရိုးရာ အစားအစာများ ဖော်ထုတ်ခြင်းနှင့် ထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၆ ရက်မှ ၁၉ ရက်အထိ မဟာမုနိဘုရားကြီး အရှေ့ ၄၅ တာတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ အစီအစဉ်အား မဟာမုနိဘုရားကြီး အကြိမ် ၆၀ မြောက် ဗုဒ္ဓပူဇနိယပွဲတော်တွင် ထည့်သွင်း ပါဝင်ကျင်းပ သွားမည်ဖြစ်ပြီး ခရီးသွားကဏ္ဍနှင့် ဆက်စပ်သည့် အသင်းအဖွဲ့ ၁၁ ဖွဲ့မှ ရိုးရာ အစားအစာများ၊ ဒေသထွက်ကုန်များ၊ မြန်မာ့လက်မှုအနုပညာ ထွက်ကုန်များနှင့် အမှတ်တရ အရောင်းဆိုင်ခန်းပေါင်း ၆၀ ခင်းကျင်း ဖော်ထုတ်ပြသသွားမည့်အပြင် ရိုးရာ ထမနဲထိုးပြိုင်ပွဲကြီးကိုလည်း ဖေဖော်ဝါရီ ၁၆ ရက်မှ ၁၈ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း အဆိုပါ အစီအစဉ်နှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၇ ရက်နေ့က ပြုလုပ်သည့် သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲတွင် မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုက အသိပေးပြောကြားခဲ့သည်။


''ဘုရားကြီးပွဲတော်ကို လာရောက်ကြတဲ့ ပြည်တွင်းပြည်ပခရီးသွားတွေအနက် ပြည်ပခရီးသွားတွေကို ရိုးရာအစားအစာ တွေ ရိုးရာထမနဲထိုး ပြိုင်ပွဲတွေနဲ့ ဖော်ထုတ်ဆွဲဆောင်ပြီး ခရီးသွားကဏ္ဍမြင့်တင်ရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ ပြည်ပခရီးသွားတွေကို ရိုးရာအစားအစာတွေနဲ့ တည်းခင်းဧည့်ခံမယ်။ ထမနဲထိုးပြိုင်ပွဲအကြောင်းနဲ့ ပါဝင်ပစ္စည်း တွေကို နိုင်ငံတကာသုံး ဘာသာစကားနဲ့ LED ဘုတ်တွေမှာ ဖော်ပြပေးထားမယ်။ မန္တလေးမြို့မှာ ထင်းရှားတဲ့ ဘုရားကြီးရဲ့ ဗုဒ္ဓပူဇနိယပွဲတော်မှာ ကြုံကြိုက်တုန်း ခရီးသွားကဏ္ဍမြင့်တင်ဖို့အတွက် ဆောင်ရွက်တဲ့ လှုပ်ရှားမှုတစ်ခုပါပဲ '' ဟု ၎င်းက ပြောသည်။


အဆိုပါ ထမနဲထိုးပြိုင်ပွဲတွင် အသင်း ၁၆ သင်းအထိ ဝင်ရောက်ပါဝင်ယှဉ်ပြိုင်နိုင်ပြီး ဖေဖော် ဝါရီ ၁၆ ရက်မှ ၁၈ ရက်အထိ နေ့စဉ် ၈ သင်းနှုန်းဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်ကာ ဆုရရှိသူများအား ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် ပထမဆု ကျပ် ၁၀ သိန်း၊ ဒုတိယဆု ၇ သိန်း၊ တတိယဆု ၅ သိန်းအပြင် နှစ်သိမ့်ဆုများအဖြစ် အသင်း ၅ သင်းအား ရွေးချယ်၍ တစ်သင်းလျှင် ကျပ် ၁ သိန်းနှုန်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်း(မန္တလေးဇုန်) ဥက္ကဋ္ဌ ဦးသင်္ကြန်ကျော်က ပြောကြားသည်။


အောင်ဖြိုးကျော်

 

123