လင်းဟန်သစ်
ညက်မှုန့်နေတဲ့ အဖြူရောင်သဲသောင်ပြင်ကြောင့် နိုင်ငံခြားခရီးသွားတွေကြား နာမည်ကျော် ရေပန်းစားနေတဲ့ အပန်းဖြေကျွန်းကို ကမ္ဘာတစ်ဝန်းခရီးသွားတွေ အလည်အပတ် ပိုမိုရောက်ရှိလာတဲ့အတွက် ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း ဘိုရာကေးကျွန်းပေါ်ရှိ ရွက်လှေ မောင်းသမားတစ်ဦးဖြစ်တဲ့ တွမ်ကတော့ မျှော်လင့်ချက်အပြည့်နဲ့ ပျော်နေပါတော့တယ်။
အများအပြားလာရောက်ကြမယ်
ကပ်ရောဂါဟာ မိမိတို့ကို ခရီးသွားလာရ ပိုမိုခက်ခဲစေခဲ့ပါတယ်။ ဒါပေမည့်လည်း ဘိုရာကေးရဲ့ ခရီးသွားကဏ္ဍကတော့ ပြန်လည်နိုးထ သက်ဝင်လာခဲ့ပြီပဲဖြစ်ပါတယ်။ အားလပ်ရက် အပန်းဖြေခရီးစဉ်အတွက် ကမ္ဘာ့နိုင်ငံအသီးသီးက နိုင်ငံခြားသားခရီးသွားတွေ ဒီနေရာကို အများအပြားလာရောက်ကြမယ်လို့ မျှော်လင့်ထားပါတယ်လို့ တွမ်က ပြောပါတယ်။
အရေးကြီးတဲ့ စီးပွားရေးမောင်းနှင်အားတစ်ခု ဖြစ်တာနဲ့အညီ ခရီးသွားကဏ္ဍဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ ၂၀၁၉ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုးကို ၁၂ ဒသမ ၇ ရာခိုင်နှုန်းအထိ ဖြည့်ဆည်းပေးခဲ့တယ်လို့ ဖိလစ်ပိုင်စာရင်းအင်း အာဏာပိုင်အဖွဲ့က ပြောပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ ခရီးသွားကဏ္ဍကို ဆိုးရွားစွာ ထိခိုက်စေခဲ့တဲ့အတွက် ဟိုတယ်တွေ၊ လေကြောင်းလိုင်းတွေရဲ့ ဝန်ထမ်းတွေကို စိတ်မကောင်းစွာနဲ့ ဖြုတ်လိုက်ရပါတယ်။ နိုင်ငံတစ်ဝန်း ခရီးသွားကဏ္ဍမှာရှိတဲ့ ဝန်ထမ်းပေါင်း ၁ ဒသမ ၁ သန်းနီးပါး ကိုဗစ်-၁၉ ကြောင့် ဒုက္ခရောက်ခဲ့ရပါတယ်။
ဝင်ခွင့်သတ်မှတ်ချက်တွေ ဖြေလျှော့ပေး
ဖိလစ်ပိုင်နိုင်ငံဟာ ဧပြီ ၁ ရက်ကစပြီး ဗီဇာလိုအပ်တဲ့နိုင်ငံတွေက လာရောက်မယ့် ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့်ထိုးထားတဲ့ နိုင်ငံခြားသားတွေအတွက် ကပ်ရောဂါမတိုင်ခင် ဝင်ခွင့်စည်းကမ်းများအတိုင်း ပြန်လည်သတ်မှတ် ပေးလိုက်ပါတယ်။
ကမ္ဘာ့အဆင့်မီ ဖြူလွလွသဲသောင်ပြင်ကမ်းခြေတွေ၊ ကြည်လင်တောက်ပနေတဲ့ မိုးပြာရောင် ပင်လယ်ရေတွေ၊ ဒိုင်ဗင်အပန်းဖြေစခန်းတွေနဲ့ နာမည်ကျော်တဲ့ ဖိလစ်ပိုင်နိုင်ငံကို လာရောက်မယ့် ခရီးသွားတွေအားလုံးအတွက် ဝင်ခွင့်သတ်မှတ်ချက် စည်းကမ်းတွေကိုလည်း ဖြေလျှော့ပေးခဲ့ပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ ဘိုရာကေးကျွန်းဟာ နိုင်ငံခြားသားခရီးသွားတွေကို ဆွဲဆောင်ရာ ကမ္ဘာ့ထိပ်တန်းနေရာ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပါတယ်။ ဒီကျွန်းကို မတ်လမှာ နိုင်ငံခြားသားခရီးသွား ၁၅၀၀၀၀ ကျော် လာရောက်လည်ပတ်ခဲ့ကြပါတယ်။ ဒါဟာ ကိုဗစ်-၁၉ ကပ်ရောဂါမဖြစ်ခင် ၂၀၁၉ ခုနှစ်မှာ ဝင်ရောက်ခဲ့တဲ့ ခရီးသွား အရေအတွက် နီးပါးရှိပါတယ်။
နိုင်ငံခြားခရီးသွားတွေအတွက် စောင့်ဆိုင်း
ကမ်းခြေမှာ အခုဆိုရင်တော့ အပန်းဖြေကမ်းခြေစခန်းတွေ၊ စားသောက်ဆိုင်တွေ၊ ရွက်လှေတွေနဲ့ စည်ကားနေပါပြီ။ လေညင်း အေးအေးနဲ့ နေခြည်နုနုလွှမ်းခြုံထားတဲ့ ကမ်းခြေဟာ နိုင်ငံခြားခရီးသွားတွေအတွက် စောင့်ဆိုင်းနေပြီ ဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံက ကမ်းခြေချစ်သူ ဂျိမ်းစ်ဟာ ဘိုရာကေးကျွန်းကို ရွေးချယ်မိတဲ့အတွက် ပျော်ရွှင်တာထက် ပိုပျော်ရွှင်ခဲ့ရပါတယ်။ ဒါဟာ သူ့ရဲ့ ပထမဆုံးအကြိမ်ဖြစ်ပြီး နောက်ဆုံးအကြိမ်ဖြစ်မှာ မဟုတ်ကြောင်း သူကပြောပါတယ်။
အောင်မြင်တဲ့လက္ခဏာတစ်ခုဖြစ်
နိုင်ငံတကာခရီးသွားတွေအတွက် ခရီးသွားကန့်သတ်ချက်တွေ စတင်ဖြေလျှော့ပေးလိုက်ပြီး လမ်းဖွင့်ပေးလိုက်တဲ့ အချိန်ကတည်း ကစပြီး ဧပြီ ၇ ရက်အထိ နှစ်လနီးပါးအတွင်း ဒီကျွန်းကို နိုင်ငံခြားသား ခရီးသွား ၂၀၀၀၀၀ လာရောက်ခဲ့တယ်လို့ ဖိလစ်ပိုင်ခရီးသွားဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
ဖိလစ်ပိုင်ခရီးသွားကဏ္ဍ အတွင်းရေးမှူး ဘာနာဒက်ရိုမူလိုပူရက်က နိုင်ငံအတွင်း နိုင်ငံခြားခရီးသွားတွေ အဆက်မပြတ် စီးဝင်နေတာက ခရီးသွားကဏ္ဍရဲ့ ပုံစံသစ်တစ်မျိုးနဲ့ နိုင်ငံခြားသားခရီးသွားတွေကို ကြိုဆိုတဲ့နေရာမှာ အောင်မြင်မှု လက္ခဏာတစ်ခုပဲလို့ ပြောကြားလိုက်ပါတယ်။ ဒီလိုမျိုးခရီးသွားကဏ္ဍ ဆက်လက်ဖွံ့ဖြိုးတိုးတက်နေတာက ဒီလုပ်ငန်းမှာ ပါဝင်သူတွေအတွက် အကူအညီတစ်ခုဖြစ်သလို စီးပွားရေးအတွက်လည်း အထောက်အပံ့ဖြစ်ပါတယ်လို့ သူက ဆက်ပြောပါတယ်။
အဓိကမောင်းနှင်အားဖြစ်
ဖိလစ်ပိုင်နိုင်ငံမြို့တော် မနီလာမှာကျင်းပခဲ့တဲ့ ကမ္ဘာ့ခရီးသွားကောင်စီရဲ့ နောက်ဆုံးစီးပွားရေး အကျိုးသက်ရောက်မှု အစီရင်ခံစာမှာတော့ ခရီးသွားကဏ္ဍဟာ နှစ်နှစ်ကြာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အထိနာခဲ့တဲ့ ကမ္ဘာ့စီးပွားရေး ပြန်လည်နာလန်ထူဖို့ အဓိကမောင်းနှင်အား တစ်ခုဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဖိလစ်ပိုင်နိုင်ငံရဲ့ ခရီးသွားကဏ္ဍ ပြန်လည်နာလန်ထူနေပြီဖြစ်သော်လည်း သက်ဆိုင်ရာအာဏာပိုင်များက ခရီးသွားများကို ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်ခြင်း၊ ခပ်ခွာခွာနေခြင်း သို့မဟုတ် လူထူထပ်တဲ့ နေရာတွေကို ရှောင်ရှားခြင်းစတဲ့ အခြေခံကျန်းမာရေးလုပ်ထုံး လုပ်နည်းတွေကို လိုက်နာလုပ်ဆောင်ကြဖို့ သတိပေးထားပါတယ်။
အပြည့်အဝကာကွယ်ဆေးထိုးထား
ဘိုရာကေးကျွန်းပေါ်မှာရှိတဲ့ မလေးမြို့ရဲ့ ခရီးသွားရုံးအကြီးအကဲဖြစ်သူ ဖီးလက်ဒီလို့စ်ဆန်တို့စ်က ဒေသခံတွေအားလုံးနဲ့ ခရီးသွားကဏ္ဍမှာ လုပ်ဆောင်နေသူတွေအားလုံး ကိုဗစ်-၁၉ ကာကွယ်ဆေးအပြည့်အဝထိုးထားပြီးပြီလို့ ပြောပါတယ်။ ဘေးအန္တရာယ်ကင်းရှင်းစေဖို့ ခရီးသွားတွေဟာ ဒီကျွန်းကို မလာခင်မှာ အွန်လိုင်းကနေ စာရွက်စာတမ်းအပြည့်အစုံနဲ့ ကာကွယ်ဆေးထိုးကတ်တွေကို တင်ပြဖို့လိုအပ်ပါတယ်။ အဲဒီလိုပဲ ကျွန်းပေါ်မှာရှိတဲ့ အပန်းဖြေစခန်းတွေနဲ့ စားသောက်ဆိုင်တွေဟာ ခရီးသွားတွေကို အခြေခံကျန်းမာရေးဆိုင်ရာ လုပ်ဆောင်ချက်တွေကို သတိပေးဖို့ ဘေးအန္တရာယ် လုံခြုံရေးအရာရှိတွေကို ငှားရမှာဖြစ်ပါတယ်လို့ သူက ပြောပါတယ်။
ခရီးသွားတွေရဲ့ ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံရေး
မိမိတို့ဟာ အမျိုးသားကပ်ရောဂါ ကာကွယ်ရေးမူဝါဒတွေကို လိုက်နာရမယ်။ အဓိကအရေးကြီးဆုံးအလုပ်ကတော့ ခရီးသွားတွေရဲ့ ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံရေးပဲဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
ကမ္ဘာ့နိုင်ငံတချို့မှာ ကိုဗစ်-၁၉ စည်းမျဉ်းတွေဖြေလျှော့ပေးနေမှုနဲ့အတူ နိုင်ငံရဲ့ ခရီးသွားကဏ္ဍဟာလည်း ပြန်လည်သက်ဝင်လာပြီဖြစ်ပါတယ်။ ခရီးသွားကဏ္ဍဟာ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ အဓိက မောင်းနှင်အား တစ်ခုဖြစ်တဲ့အတွက် ခရီးသွားကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လေလေ စီးပွားရေးဖွံ့ဖြိုးတိုးတက်လေလေ ဖြစ်ပါတယ်။
ကိုးကား- ဆင်ဟွာ