ရန်ကုန် ၁၀ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန်နှင့် နာဂလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့များကို လေ့လာနိုင်ရန် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း မြှင့်တင်ရေးအသင်း၏ (၇)ကြိမ်မြောက် နာဂဒေသသို့ ခရီးသွားခြင်းအစီအစဉ်တွင် ပါဝင်သော မော်တော်ယာဉ်တန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံအနီးရှိ ပူးမင်းဟိုတယ်ရှေ့မှ စတင်ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။
အဆိုပါခရီးစဉ် စတင်ထွက်ခွာခြင်း အခမ်းအနားကို ယနေ့ နံနက် ၅ နာရီခွဲက ပူးမင်းဟိုတယ်တွင် ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်နှင့် ရန်ကုန်တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွန်ကြားရေးမှူး ဦးနိုင်ဝင်းတို့က အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံခရီးသွားဈေးကွက် မြှင့်တင်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မေမြတ်မွန်ဝင်းက ခရီးစဉ်အကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ နာဂမြေသို့ ခရီးသွားအစီအစဉ်တွင် ပါဝင်ဖြစ်ပုံနှင့်ပတ်သက်၍ “အဓိကသွားတာတော့ ပြည်တွင်းခရီးသွား ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပေါ့နော်။ နောက်တစ်ခုက မရောက်ဖူးသေးတဲ့နေရာတွေ ရောက်အောင်သွားတာပေါ့။ တကယ့်သမိုင်းဝင်တဲ့ နေရာတွေပေါ့။ အဲဒီအတွက်ရည်ရွယ်ပြီး ဒီခရီးစဉ်ကို လိုက်ဖြစ်တာပါ။ ကျွန်တော်ဆိုရင် ဒီ ၇ ခေါက်မြောက်တဲ့အထိဆို လေးခေါက်လိုက်ဖြစ်တယ်” ဟု ခရီးစဉ်တွင်ပါဝင်သော ကိုဗညားဇော်က ပြောကြားသည်။
ယနေ့ စတင်ထွက်ခွာသွားသော နာဂမြေသို့ ခရီးစဉ်တွင် ကျွမ်းကျင်ယာဉ်မောင်းများက မောင်းနှင်ကြမည်ဖြစ်ပြီး ကားအစီးရေ ၁၉ စီးနှင့် လူ ၆၁ ဦးပါဝင်ကြောင်း၊ ရန်ကုန်မြို့မှ မုံရွာမြို့သို့ စတင်ထွက်ခွာပြီး မုံရွာတွင် ညအိပ်ရပ်နားမည်ဖြစ်ပြီး ခရီးစဉ်တစ်လျှောက်တွင် ဒေသန္တရနှင့် သမိုင်းကြောင်း ဗဟုသုတများကို လေ့လာကာ နာဂရိုးရာပွဲတော်သို့ ပါဝင်ဆင်နွှဲမည်ဖြစ်ကြောင်း၊ နာဂမြေသို့ ခရီးသွားအစီအစဉ်မှာ ဇန်နဝါရီ ၁၀ ရက်မှ ၁၈ ရက်အထိ ၉ ရက် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်းကဏ္ဍ ဈေးကွက်ဖော်ဆောင်ရန်၊ နိုင်ငံအနှံ့ ကားဖြင့် လွယ်ကူစွာ သွားလာနိုင်သည်ကို သိရှိစေရန်နှင့် ခရီးစဉ်တစ်လျှောက်ရှိ ဒေသခံများ၏ လူနေမှုအဆင့်အတန်းများကို တစ်ဖက်တစ်လမ်းမှ မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်သွားလာလေ့ရှိသည့် Myanmar Heritage Trail Tourism Rally (MHTTR) အဖွဲ့သည် ၂၀၁၅ ခုနှစ် သြဂုတ်လတွင် ပထမအကြိမ်ခရီးစဉ်အဖြစ် ရန်ကုန်- ပြည်- သရေခေတ္တရာ- မကွေး၊ ပုဂံ- နေပြည်တော်- ရန်ကုန် ခရီးစဉ်ကိုလည်းကောင်း၊ ၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် ဒုတိယခရီးစဉ်အဖြစ် ရန်ကုန်- တောင်ကြီး- မိုင်းပြင်း၊ တာချီလိတ်၊ ကျိုင်းတုံ၊ ကွန်ဟိန်း- နေပြည်တော်- ရန်ကုန် ခရီးစဉ်ကိုလည်းကောင်း၊ ၂၀၁၆ ခုနှစ် မေလတွင် တတိယအကြိမ်အဖြစ် ရန်ကုန်- အမ်း- မြောက်ဦး- ငပလီ- ချောင်းသာ - ရန်ကုန် ခရီးစဉ်ကိုလည်းကောင်း၊ ၂၀၁၇ ခုနှစ် ဇွန်လတွင် စတုတ္ထခရီးစဉ်အဖြစ် ရန်ကုန်- ထားဝယ်- မြိတ်- ကော့သောင်း- ရန်ကုန် ခရီးစဉ်ကိုလည်းကောင်း၊ ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် ပဉ္စမခရီးစဉ်အဖြစ် ရန်ကုန်- စစ်ကိုင်း- ရွှေဘို- ကသာ- ကောလင်း- မုံရွာ- ရန်ကုန် ခရီးစဉ်ကိုလည်းကောင်း၊ ၂၀၁၈ ခုနှစ် ဇွန်လတွင် ဆဋ္ဌမ ခရီးစဉ်အဖြစ် ရန်ကုန်- ထားဝယ်- ကန်ချနဘူရီ- ပီဆန်နူလော့ခ်- မဲဆောက်- ဘားအံ- ရန်ကုန်ခရီးစဉ်များကို လည်းကောင်း အသီးသီး သွားရောက်ခဲ့ကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း