နေပြည်တော် မတ် ၂၀

ခရီးသွားလုပ်ငန်းကော်မတီ၏ (၁/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၌ ကျင်းပသည်။ 

အစည်းအဝေးသို့ အမျိုးသားခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဒုတိယ ဥက္ကဌ၊ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဌ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ ကော်မတီဝင်များ ခရီးသွားလုပ်ငန်းတတ်သိပညာရှင်များနှင့် ပုဂ္ဂလိကခရီးသွားအဖွဲ့အစည်း ကိုယ်စားလှယ်များ၊ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးခွဲများမှ ရုံးခွဲတာဝန်ခံများ၊ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာရေးအတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများဖြင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ စာရင်းဇယားများအရ ပြည်ပခရီးသွားဧည့်သည်ဝင်ရောက်မှု ပြန်လည် တိုးတက်လာသကဲ့သို့ ပြည်တွင်းခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည်ကို တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံ၏ အဓိကခရီးသွား ဈေးကွက်ဝင်နိုင်ငံများကို ပြည်ဝင်ဗီဇာဖြေလျှာ့ပေးခြင်း ဆိုင်ရာကိစ္စရပ်များကို ၂၀၂၃ ခုနှစ် နှစ်လယ်မှစ၍ ဆက်စပ်ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးခဲ့သည့်အတွက် ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက တိုးတက်ဝင်ရောက်ခဲ့သည်ကို တွေ့ရှိရကြောင်း။

ခရီးသွားဧည့်သည်များ တိုးတက်ဝင်ရောက်လာသည်နှင့်အမျှ ခရီးစဉ်ဒေသအလိုက် ဈေးကွက်၏ လိုအပ်ချက်နှင့်ဖြည့်တင်းပေးနိုင်မှု အခြေအနေများ၊ ခရီးစဉ်ဒေသစီမံခန့်ခွဲရေး ဆိုင်ရာကိစ္စရပ်များကို စနစ်တကျစီမံခန့်ခွဲရန်လိုအပ်ပါကြောင်း၊ ပြည်ပနိုင်ငံများနှင့် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုအနေဖြင့်  နိုင်ငံတကာအစည်းအဝေးများ၊ ခရီးသွားပြပွဲများသို့ ပါဝင်တက်ရောက်လျက်ရှိပြီး မြန်မာနိုင်ငံအနေဖြင့် အာဆီယံခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေး၏ ဒုတိယဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာပြီး ဒေသခံတို့၏ လူမှုစီးပွားဘဝများ တိုးတက်လာရေး အတွက် အားလုံးဝိုင်းဝန်းကြိုးစား ပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ကော်မတီအတွင်းရေးမှူး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်က ခရီးသွားလုပ်ငန်းကော်မတီ (၂/၂၀၂၃) ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်များ အပေါ် ဆောင်ရွက်ပြီးစီးမှုများနှင့် အမှာစာများကို ဖတ်ကြားတင်ပြပြီး ကော်မတီဝင်များက သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အကောင်အထည်ဖော်မှုများ၊ ခရီးသွား ဧည့်သည် ဝင်ရောက်မှုနှင့် လိုင်စင် ထုတ်ပေးထားရှိမှုအခြေအနေများ၊ ခရီးစဉ်ဒေသများနှင့် ခရီးသွားဆွဲဆောင်ရာနေရာများ ဖော်ထုတ်ထားရှိမှုအခြေအနေများ၊ ခရီးစဉ်ဒေသဖွံ့ဖြိုးရေးအတွက် ခရီးသွားဆိုင်ရာ အခြေခံ အဆောက်အအုံများ ဖြည့်ဆည်းပေးနိုင်မှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြသည်။

ဆက်လက်၍ အမြဲတမ်းအတွင်းဝန်နှင့် အဆင့်မြင့်အရာရှိကြီးများက ခရီးသွား ဈေးကွက်ဝင်နိုင်ငံများမှ ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လာရေးနှင့် ခရီးသွားမြှင့်တင်ကြော်ငြာရေးဆိုင်ရာ ကိစ္စရပ်များ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍအတွင်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ပင်လယ်ကမ်းရိုးတန်း သယံဇာတများ မပျက်စီးစေရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲစေရေးကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်