နေပြည်တော်၊ ၂၃ ဒီဇင်ဘာ
ခရီးသွားလုပ်ငန်းကော်မတီ (၄/၂၀၂၀)ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝန်ကြီးဌာန နီလာအစည်းအဝေးခန်းမမှ ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ ခရီးသွားလုပ်ငန်းကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးတင်လတ်၊ ကော်မတီဝင်များ ဖြစ်ကြသည့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ခရီးသွားလုပ်ငန်း တတ်သိပညာရှင်များနှင့် ပုဂ္ဂလိက ခရီးသွားလုပ်ငန်းအဖွဲ့အစည်း ကိုယ်စားလှယ်များက Online မှ ပါဝင်တက်ရောက်ကြသည်။
အစည်းအဝေးတွင် ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသည် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (UNWTO) နှင့် လူဇင်ဘတ်အစိုးရ၏ aid & development agency ဖြစ်သည့် Lux Dev တို့နှင့် ပူးပေါင်းရေးဆွဲထားသည့် ခရီးသွားလုပ်ငန်း ပြန်လည်ရှင်သန်ရေးလမ်းပြမြေပုံ (MTSRR) ကို ခရီးသွားအဖွဲ့အစည်းများ၏ အကြံပြုချက်များကို ဖြည့်စွက်ကာယခုအစည်းအဝေးတွင် တရားဝင် ထုတ်ပြန်သွားမည်ဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်း ပြန်လည်ရှင်သန်ရေး လမ်းပြမြေပုံ (MTSRR) တွင် မြန်မာ့ခရီးသွား ၂ နှစ် ၃ နှစ် အတွင်းပြန်ရှင်သန်လာရန် Immediate, Medium term နှင့် Long term ဆောင်ရွက်ရမည့် မဟာဗျူဟာများနှင့် လုပ်ငန်းစဉ်များ ထည့်သွင်းရေးဆွဲထားပြီး MTSRR ကိုအခြေပြု၍ မိမိဒေသအလိုက် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် Regional Master Plan များကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဆက်လက်ရေးဆွဲ ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။
ဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များ၊ UNWTO, WTTC စသည့် နိုင်ငံတကာခရီးသွားအဖွဲ့အစည်းများ၏ လမ်းညွှန်ချက်များနှင့်အညီ Enchanting Myanmar Health and Safety Protocol (HSP) ကို Regional, National, International ဆိုတဲ့ အဆင့် (၃)ဆင့်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ Regional အဆင့်က ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီများနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဝန်ထမ်းများက ပူးပေါင်းစစ်ဆေးပြီး သတ်မှတ်ချက်နှင့် ကိုက်ညီသည့် ဟိုတယ်များ၊ စားသောက်ဆိုင်များကိုပြန်လည် ဖွင့်လှစ်ခွင့်ပြုပေးနေပါကြောင်း၊ ခရီးသွားလုပ်ငန်း ပြန်လည်စတင်သည့်အချိန်တွင် ထုတ်ပြန်ထားသော Guidelines များနှင့် ကိုက်ညီမှုကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီများမှ ပူးပေါင်းစိစစ်၍ မြန်မာနိုင်ငံကို safe to travel destination တစ်ခုအဖြစ် နိုင်ငံတကာခရီးသွားများက သိမြင်လက်ခံလာအောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
လက်ရှိတွင် ပြည်တွင်းလေကြောင်းလိုင်း ပြေးဆွဲမှုများကို ဒီဇင်ဘာ (၁၆)ရက်ကစ၍ ပြန်လည်စတင်ခဲ့ပြီး Enchanting Myanmar Health and Safety Protocol (HSP) ကိုလိုက်နာ၍ ခရီးသွားများ၏ ယုံကြည်မှုများပြန်လည်ရရှိပြီး Non Landing Sight Seeing Flight နှင့် River Cruise များကို ဒီဇင်ဘာ (၂၀)ရက်က ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ သတ်မှတ်စည်းမျဉ်း စည်းကမ်းများနှင့်အညီ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းက အောင်အောင်မြင်မြင် ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း (UMTA) ၏ နောင်ခရီးစဉ်များတွင်လည်း ခရီးသည် booking တွေရရှိနေပြီဟု သိရှိရသည့်အတွက် Enchanting Myanmar Health and Safety Protocol (HSP) ကို တိတိကျကျ လိုက်နာကြရန် တိုက်တွန်းကြောင်း။
မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းတိုးတက်ရေးနှင့် ဘေးကင်းလုံခြုံသည့် ခရီသွားလုပ်ငန်း ဖြစ်လာစေရေးဆောင်ရွက်ရာတွင် ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့ (DMO) များကို အားကိုးအားထား ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်မှုကိုပါ အထောက်အကူ ဖြစ်စေနိုင်သောကြောင့် ဒေသန္တရအာဏာပိုင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရီးသွားလုပ်ငန်းရှင်များ၊ ဒေသခံပြည်သူများ ပူးပေါင်းပါဝင်ပြီး ကိုဗစ်-၁၉ ကာလအလွန် ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာစေရေး ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်က ခရီးသွားလုပ်ငန်းကော်မတီ (၃/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှုများအား ဆွေးနွေးတင်ပြပြီး Online မှ တက်ရောက်လာကြသည့် ခရီးသွားလုပ်ငန်းကော်မတီဝင်၊ နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ခရီးသွားလုပ်ငန်းတတ်သိပညာရှင်များနှင့် ပုဂ္ဂလိက ခရီးသွားလုပ်ငန်း အဖွဲ့အစည်းကိုယ်စားလှယ်များက ကိုဗစ်-၁၉ အလွန်တွင် ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးလာစေရေး၊ ခရီးစဉ်ဒေသအသစ်များ ဖော်ဆောင်နိုင်ရေး၊ ခရီးသွားများ ဘေးကင်းလုံခြုံရေး၊ ဘဏ္ဍာငွေရရှိရေး၊ အခွန်အခလျော့ချပေးရေးနှင့် ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ခရီးသွားလုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ဒုတိယဝန်ကြီး ဦးတင်လတ်က ဟိုတယ်နှင့် ခရီးသွားဆိုင်ရာ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးဆင့်ပွားသင်တန်းများ ဆက်လက်ဖွင့်လှစ်သင်ကြားမည့် အစီအစဉ်နှင့် ခရီးသွားလုပ်ငန်း ကော်မတီဝင်၊ နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ခရီးသွားလုပ်ငန်း တတ်သိပညာရှင်များနှင့် ပုဂ္ဂလိက ခရီးသွားလုပ်ငန်းအဖွဲ့အစည်း ကိုယ်စားလှယ်များမှ တင်ပြချက်များနှင့် စပ်လျဉ်း၍ ပြန်လည်ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


