mdn

နေပြည်တော် ဒီဇင်ဘာ ၂၀
    
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့ နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန နီလာခန်းမ၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသော ခရီးသွား လုပ်ငန်းကော်မတီ အစည်းအဝေး (၂/၂၀၂၁)သို့ တက်ရောက်သည်။
 
အစည်းအဝေးသို့  ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန် နှင့် ဒုတိယ ညွှန်ကြား ရေးမှူးချုပ် များ၊ ဌာနတာဝန်ခံများ တက်ရောက်ကြပြီး ခရီးသွားလုပ်ငန်းကော်မတီဝင် နေပြည်တော် ကောင်စီနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကို တာဝန်ယူ ဆောင်ရွက်နေသော ဝန်ကြီးများ၊ ခရီးသွားလုပ်ငန်းတတ်သိ ပညာရှင်များ၊ ပုဂ္ဂလိက ခရီးသွား လုပ်ငန်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ နှင့် နေပြည်တော် ကောင်စီအပါအဝင် တိုင်းဒေသ ကြီးနှင့် ပြည်နယ် ရုံးခွဲတာဝန်ခံများ က Online မှ ပါဝင်တက်ရောက်ကြသည်။   
    
အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး က ကိုဗစ်−၁၉ ကပ်ရောဂါ သည် မျိုးရိုးဗီဇ အဆင့်ဆင့်ပြောင်းလဲလာပြီး ဒေသတွင်းနှင့် အိမ်နီး ချင်းနိုင်ငံ အချို့၌ပါ  ကူးစက် ဖြစ်ပွားနေသဖြင့် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက် ရာတွင် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ဆောင်သွား ရန်လိုအပ်ကြောင်း။
    
နယ်စပ်ဖြတ်ကျော် ခရီးစဉ်များ လာရောက်လည်ပတ်လိုကြကြောင်း ဆက်သွယ်မေးမြန်းလာမှု များရှိနေပြီဖြစ်သည့်အတွက် ကျန်းမာရေးဆိုင်ရာ ဘေးကင်းလုံခြုံမှုရှိရန် လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း စည်းကမ်းများကို သတ်မှတ်ပြဌာန်းပြီးသည်အချိန်တွင် လက်ခံဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရန် လိုအပ်ကြောင်း။
     
နေပြည်တော် ကောင်စီနယ်မြေအပါအဝင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ သဘာ ဝကို အခြေခံသော ခရီးသွားလုပ်ငန်းများ၊ ကျေးလက်ဒေသခရီးသွားလုပ်ငန်းများ၊ စိုက်ပျိုးရေးကို အခြေခံသော ခရီးသွားလုပ်ငန်းများနှင့် လူထုအခြေပြုခရီးသွားလုပ်ငန်းများကို ကျယ်ပြန့်စွာ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေး များစွာ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
    
ဆက်လက်၍  လုပ်ငန်းကော်မတီအတွင်းရေးမှူး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က (၁/၂၀၂၁) ကြိမ်မြောက် ခရီးသွားလုပ်ငန်းကော်မတီ အစည်း အဝေးဆုံးဖြတ် ချက်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်ဆဲ ၊ ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ Enchanting Myanmar Health & Safety Protocol (HSP) အစီအစဉ်အရ ဒေသအဆင့်၊ အမျိုးသားအဆင့် အသိအမှတ်ပြုလက်မှတ်များ လျှောက်ထား ရယူနိုင်ရေးဆောင်ရွက် နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
    
ထို့နောက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးများက ဧည့်သည် ဝင်ရောက်မှုနှင့် ဝင်ငွေ ရရှိမှုအခြေအနေ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှိ ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးစီးမှု အခြေအနေ၊ ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်ထား ရှိမှုအခြေအနေ၊ Quarantine ဟိုတယ်များ ဖွင့်လှစ်ထားရှိမှု အခြေအနေ၊ ခရီးသွားမြှင့်တင်ရေး အတွက် 360ႚ Video ရိုက်ကူးမှု အခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် လုပ်ငန်း လိုအပ်ချက်များကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။
    
ဆက်လက်၍ ခရီးသွားလုပ်ငန်း တတ်သိပညာရှင်များက နိုင်ငံအတွင်း ဒေသဖွံ့ဖြိုးရေးနှင့် အလုပ်အကိုင်ဖန်တီးနိုင်ရေး Wellness Tourism ဆောင်ရွက်နိုင်သည့်အခြေအနေ၊ ဟိုတယ် Guest List Management System ဖြင့် ဧည့်စာရင်းတိုင်ကြားမှုအခြေအနေ၊ ဟိုတယ်နှင့်ခရီးသွား ကဏ္ဍတွင် အာဆီယံနိုင်ငံအချင်းချင်း အပြန်အလှန် အသိအမှတ်ပြုရေး အစီအစဉ်များကို ရှင်းလင်း တင်ပြကြပြီး ပုဂ္ဂလိကခရီးသွားလုပ်ငန်းအဖွဲ့အစည်း ကိုယ်စားလှယ်များက အာဆီယံခရီးသွား လုပ်ငန်းဆိုင်ရာ ဆုများနှင့် အသိအမှတ်ပြုလက်မှတ်များ ချီးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ၊ HSP Website ကို ဝင်ရောက်လျှောက်ထားရာတွင် အဆင်ပြေလွယ်ကူစေရေး၊ တိုင်းဒေသကြီးများ၌ ဖြစ်ပေါ်နေသည့် ခရီးသွားဆိုင်ရာ သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ သတင်းပို့နိုင်ရေးအခြေ အနေများကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည် ရှင်းလင်းဆွေးနွေးပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။ 

(သတင်းစဉ်)