၂၄ စက်တင်ဘာ
ခရီးသွားလုပ်ငန်းသည်ကမ္ဘာပေါ်တွင် လွန်ခဲ့သောဆယ်စုနှစ်သုံးခုခန့်က စတင်၍ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာသည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်ရာ ခရီးသွားလုပ်ငန်းသည် အင်အားကြီးမားသော စီးပွားရေးလုပ်ငန်းကဏ္ဍတစ်ခု ဖြစ်လာပြီး နိုင်ငံအသီးသီးတို့သည်လည်း ခရီးသွားလုပ်ငန်းကို နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးချ လုပ်ငန်းတစ်ရပ်အသွင် ဆောင်ရွက်လာကြပါသည်။ ယင်းသို့ ဖွံ့ဖြိုးတိုးတက်လာသော ခရီးသွားလုပ်ငန်း၏ နောက်ဆက်တွဲအြဖစ် ကောင်းကျိုး၊ ဆိုးကျိုးများသည်လည်း ကျွဲကူးရေပါဆိုသလို သိသာထင်ရှားစွာ မြင်တွေ့လာရပါသည်။ ခရီးသွားလုပ်ငန်းကို အများမြင်တွေ့သော အပိုင်းမှာနိုင်ငံခြားသားများ ဝင်၊ ထွက် သွားလာသည်ဟူသော မျက်နှာစာပိုင်းသာဖြစ်၍ ၎င်း၏နောက်ကွယ်မှ သက်ရောက်မှုအတိုင်းအတာကို ထဲထဲဝင်ဝင်သိရှိသူ နည်းပါးပါသည်။ သို့ရာတွင် ခရီးသွားလုပ်ငန်းသည် ခရီးစဉ်ဒေသ၏ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင်တို့ အပေါ်တွင် တိုက်ရိုက်(သို့မဟုတ်) သွယ်ဝိုက်သောနည်းဖြင့် သက်ရောက်မှုများရှိနေပါသည်။
ကောင်းမွန်သောမျက်နှာစာများ
ခရီးသွားလုပ်ငန်း၏ ကောင်းမွန်သောမျက်နှာစာတွင် အလုပ်အကိုင်များဖန်တီးပေးနိုင်ခြင်း၊ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာပြီး ခရီးစဉ်ဒေသ၏ လူနေမှုအဆင့်အတန်းကို မြင့်မားလာစြေခင်း၊ ကျွမ်းကျင်မှုနှင့် အသိပညာဗဟုသုတ အသစ်များ တိုးပွားလာစေခြင်းတို့ကို မြင်တွေ့ရပါသည်။ ၎င်းတို့၏ ဆန့်ကျင်ဘက်ကားဒေသ၏ ပင်ကိုစရိုက်လက္ခဏာများ ယုတ်လျော့လာခြင်း၊ သဘာဝပတ်ဝန်းကျင် ယိုယွင်းလာခြင်းနှင့် အခြားလူမှုစီးပွားရေးအပေါ် အနုတ်လက္ခဏာ ဆောင်သော သက်ရောက်မှုများဖြစ်သည်။ ဆိုးကျိုးသက်ရောက်မှုများ လျော့နည်းအောင် လုပ်ဆောင်ခြင်းဖြင့် ဒေသ၏ ခရီးသွားလုပ်ငန်းသည် ရေရှည်ဖွံ့ဖြိုးတိုးတက်သော ခရီးသွားလုပ်ငန်းဖြစ်ပေမည်။
ခရီးသွားလုပ်ငန်းအကောင့် ရရှိလာသော အကျိုးကျေးဇူးများကို ပြောပါဟုဆိုလျှင် ပြည်သူများ အလုပ်အကိုင် ပိုမိုရရှိလာသည်ဆိုသောအချက်ကို အဓိကထားပြောကြပါသည်။ မှန်ပါသည်။ ခရီးသွားဧည့်သည်များ ပိုမိုလာရောက်ခြင်းကြောင့် ၎င်းတို့ကို ဝန်ဆောင်မှုပေးရသောလုပ်ငန်းများ ပေါ်ပေါက်လာပြီး အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်းသည် ဟိုတယ်ကြီးမှအစ လမ်းဘေးဈေးသည်၊ အနှေးယာဉ်လုပ်သားအဆုံး အလုပ်အကိုင် ရရှိစေသည်ဟုပင် ပြောကြပါသည်။ ခရီးသွားဧည့်သည်တစ်ဦးအတွက် တည်းခိုနေထိုင်မှု၊ သွားလာစားသောက်မှု၊ ဖျော်ဖြေရေး၊ အမှတ်တရလက်ဆောင် စသည်ဖြင့် ခရီးစဉ်အတွင်း လိုအပ်ချက်များက များပြားလှပါသည်။ ယင်းလိုအပ်မှုများကို အိမ်ရှင်က ဧည့်သည်စိတ်ကျေနပ်မှု ရရှိစေရန်ဝန်ဆောင်မှု ပေးရပါသည်။
တိုက်ရိုက်နှင့်သွယ်ဝိုက်
World Travel and Tourism Council မှ ထုတ်ပြန်သော စာရင်းဇယားများအရ ၂၀၁၈ ခုနှစ်က ကမ္ဘာနှင့်အဝှမ်းတွင် စီးပွားရေး၊ အလုပ်အကိုင်နှင့် အပန်းဖြေခရီးသွားလာမှုများအတွက် အပြည်ပြည်ဆိုင်ရာ ခရီးသွားဧည့်သည် ၁ ဒသမ ၃ ဘီလီယံအထိရှိခဲ့ပြီး ၎င်းတို့သည် ကမ္ဘာ့အသားတင်ထုတ်လုပ်မှု(GDP) ၏ ၁၀ ဒသမ ၄ ရာခိုင်နှုန်းရှိခဲ့ပါသည်။ အလုပ်အကိုင်ပေါင်း ၃၁၃ သန်းကို ဖြစ်ပေါ်စေပြီးယင်းသည် ကမ္ဘာ့အလုပ်အကိုင် ၁၀ မျိုးတွင် တစ်မျိုးအပါအဝင်ဖြစ်ပါသည်။ ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံများနှင့် ခရီးသွားလုပ်ငန်းအပေါ်၌သာ နိုင်ငံ့စီးပွားရေးကို မှီခိုအားထားရသော ကျွန်းနိုင်ငံငယ်များတွင် နိုင်ငံ့ GDP ၏ ထက်ဝက်သည် ခရီးသွားလုပ်ငန်းဖြစ်ပါသည်။ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့(UNWTO)၏ ခန့်မှန်းချက်အရ ခရီးသွားလုပ်ငန်းကဏ္ဍသည် ဆက်လက်ဖွံ့ဖြိုးတိုးတက် နေမည်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ခရီးသွားဦးရေသည် နောင်လာမည့် ၁၂ နှစ်အတွင်း ၁ ဒသမ ၈ ဘီလီယံသို့ တိုးတက်လာမည်ဖြစ်သည်။ သို့ဖြစ်ရာ ကမ္ဘာ့အသားတင်ထုတ်လုပ်မှုသည်လည်း ၁၁ ဒသမ ၇ ရာခိုင်နှုန်းသို့ ရောက်ရှိလာမည်ဖြစ်ကာ အလုပ်အကိုင်သန်းပေါင်းများစွာ ပေါ်ထွက်လာမည်ဖြစ်ပါသည်။
ခရီးသွားလုပ်ငန်းတွင် ပါဝင်ပတ်သက်မှုအပေါ် မူတည်၍ အလုပ်အကိုင်များကို တိုက်ရိုက်(Direct)နှင့် သွယ်ဝိုက်(Indirect) ဟူ၍နှစ်မျိုး အဓိကထားခွဲခြားနိုင်ပါသည်။ (အချို့သောနိုင်ငံအဖွဲ့အစည်းများတွင် ကွဲပြားမှုမရှိသော အလုပ်အကိုင် (သို့မဟုတ်) တစ်ဆင့်ခံ(Induced) ဟူ၍ တစ်မျိုးထပ်မံခွဲခြားထားပါသည်။ စကားချပ်) တိုက်ရိုက်အလုပ်အကိုင်များ ဆိုသည်မှာ ခရီးသွားလာရေးနှင့် ခရီးသွားလုပ်ငန်းများတွင် တိုက်ရိုက်ပါဝင်လုပ်ကိုင်သော အလုပ်အကိုင်အရေအတွက်ကို ဆိုလိုခြင်းဖြစ်ပါသည်။ ဥပမာဟိုတယ်များ၊ မိုတယ်များ၊ စားသောက်ဆိုင်များ၊ ခရီးသွားအေဂျင်စီများ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ၊ အမှတ်တရ ပစ္စည်းအေရာင်းဆိုင်များ စသည်တို့ဖြစ်ပြီး သွယ်ဝိုက်အလုပ်အကိုင်များတွင် ဆောက်လုပ်ရေး လုပ်ငန်းများ၊ စားသောက်ကုန်နှင့် အခြားကုန်ပစ္စည်းတင်သွင်းရောင်းချသူများ၊ ဘဏ်နှင့်ငွေလဲလှယ်ရေး လုပ်ငန်းများ၊ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ စသည်တို့ဖြစ်ပါသည်။ သွယ်ဝိုက်အလုပ်အကိုင်များသည် တိုက်ရိုက်အလုပ်အကိုင် များကဲ့သို့ ခရီးသွားလုပ်ငန်းအပေါ်တွင် အဓိက မှီခိုအားထားခြင်း မပြုသော်လည်း အကျိုးအမြတ် ရရှိသည်သာ ဖြစ်ပါသည်။
ထိရှလွယ်သောစွန့်စားမှု
ခရီးသွားလုပ်ငန်းတွင် Triple Bottom Line Analysis (TBL) ဟုခေါ်ဆိုသော အဓိကသက်ရောက်မှု သုံးခုဖြစ်သည့် စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်တို့တွင် စီးပွားရေးသက်ရောက်မှု၌ ဝင်ငွေ၊ အလုပ်အကိုင်နှင့် ရင်းနှီးမြှုပ်နှံမှုဟူ၍ ပါဝင်ရာခရီးသွားလုပ်ငန်း၏ အလုပ်အကိုင်နှင့် ဝင်ငွေဖန်တီးနိုင်မှုသည် နိုင်ငံ၏ စီးပွားရေးအနာဂတ် အလားအလာအပေါ် များစွာသက်ရောက်မှုရှိကြောင်း သိရှိနိုင်ပါသည်။ ယေဘုယျဆိုကြပါစို့။ ခရီးသွားဧည့်သည်အများအပြား ဝင်ရောက်သောခရီးစဉ်ဒေသများတွင် ဧည့်သည်အေရအတွက်အလိုက် သုံးစွဲငွေပိုမိုခြင်း၊ စားသုံးမှုကဏ္ဍအလိုက် သုံးစွဲငွေပိုမိုခြင်း၊ နေထိုင်မှုကာလကြာမြင့်ခြင်းနှင့်အတူ သုံးစွဲမှုအခွင့်အလမ်း ပိုမိုလာခြင်းတို့ကြောင့် အခြားသော ခရီးစဉ်ဒေသများထက် ဝင်ငွေပိုမိုရရှိနိုင်ပါသည်။ မှန်ပါသည်။ ခရီးသွားလုပ်ငန်းသည် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်သည်။ ဝင်ငွေတိုးတက်စေနိုင်သည်။ သို့သော်အရာတစ်ခုကို အလွန်အကျွံ မှီခိုအားထားလျှင် အခြားကဏ္ဍများကို မှေးမှိန်စေသည်ဖြစ်ရာ အရာအားလုံး ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်ရေး ဦးစားပေးဆောင်ရွက်ရန်အရေးကြီးပေသည်။ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာခြင်းက ဒေသ၏ လက်ငုတ်စီးပွားရေး လုပ်ငန်းများကို အားနည်းသွားစေနိုသည်။ အလားတူ ခရီးသွားလုပ်ငန်းတစ်ခုတည်းအပေါ် အလုံးစုံ မှီခိုအားထားနေခြင်းသည် ထိရှလွယ်သောစွန့်စားမှုတစ်ခုဖြစ်သည်။
ဝန်ဆောင်မှုကိုအခြေခံသောလုပ်ငန်းကဏ္ဍ
ထို့အပြင်စနစ်တကျ ကြိုတင်စီမံထားခြင်းမရှိသော ဝန်ထမ်းစုဆောင်းမှု၊ ပြုန်းတီးဝန်ထမ်းအင်အားကို အလေးထားဂရုပြုမှုနှင့် လေ့လာသင်ကြားခွင့်မပေးသော လုပ်ငန်းခွင်တို့သည် ခရီးသွားလုပ်ငန်းကဏ္ဍအတွက် အရည်အေသွးပြည့်ဝသော အလုပ်အကိုင်ဖန်တီးပေးနိုင်စွမ်းကို လျော့ကျစေနိုင်သည်။ ထို့အပြင် လုပ်ငန်းခွင်မညီမျှမှု၊ ရာသီချိန်အပေါ်မူတည်၍ လုပ်သာနှင့်လစာ အတိုးအလျော့ပြုမှုတို့က ခရီးသွားလုပ်ငန်း အလုပ်အကိုင် ဖွံ့ဖြိုးတိုးတက်ရေးအပေါ် ထိခိုက်စေနိုင်သလို ခရီးသွားလုပ်ငန်းကို ကျဆင်းစေသာ နိုင်ငံရေးမတည်ငြိမ်မှု၊ သဘာဝေဘး အန္တရာယ်၊ အကြမ်းဖက်မှု၊ ကူးစက်ရောဂါနှင့် စီးပွားရေးကျဆင်းမှုတို့သည် ခရီးသွားလုပ်ငန်း အလုပ်အကိုင် ဖွံ့ဖြိုးတိုးတက်မှုကို မတည်မငြိမ်ဖြစ်စေနိုင်ပါသည်။ World Travel and Tourism Council မှ ထုတ်ပြန်သော စာရင်းဇယားများအရ မြန်မာနိုင်ငံသည ၂၀၁၇ ခုနှစ်တွင် ခရီးသွားလုပ်ငန်းမှ တိုက်ရိုက်အလုပ်အကိုင် Direct Contribution of Travel and Tourism Employment ၅၇၀ဝဝဝ ရှိပြီး ၂၀၁၈ ခုနှစ်တွင် ၅၈၂၅၀ဝ ရှိမည်ဟု ခန့်မှန်းခဲ့ပါသည်။ ခရီးသွားလုပ်ငန်းနှင့် ဆက်နွယ်လျက်ရှိသော အလုပ်အကိုင်များပါ ထည့်သွင်းတွက်ချက်ပါက Total Contribution of Travel and Tourism သည် ၁ ဒသမ ၃ သန်းခန့်ရှိပါသည်။
မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ပင်မစီမံကိန်း၂၀၁၃-၂၀၂၀ အရ ၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံသို့ ခရီးသွားဧည့်သည် ၇ ဒသမ ၅ သန်း လာရောက်ရန်မျှော်မှန်းထားပြီး ယင်းအတွက် လုပ်သားဦးရေ ၁ ဒသမ ၅ သန်း လိုအပ်မည်ဖြစ်ပါသည်။ သို့ရာတွင် ဆိုခဲ့ပြီးသည့်အတိုင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေး၊ စီးပွားရေး တည်ငြိမ်မှုရှိရန် လိုအပ်ပြီး သဘာဝေဘးအန္တရာယ် လျော့ပါးရေးနှင့် အခြေခံအဆောက်အအုံ လိုအပ်ချက်ဖြည့်ဆည်းမှုတို့ကို ဆောင်ရွက်ရပါမည်။ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေသာ သက်ရောက်မှုအကြောင်းတရားများ ပေါ်ပေါက်ပါက လျင်မြန်စွာကုစားနိုသည့် နည်းဗျူဟာများ၊ မူဝါဒများကို ချမှတ်ဆောင်ရွက်ရပါမည်။ ဗဟိုအစိုးရ၊ ဒေသဆိုင်ရာအစိုးရ၊ ပုဂ္ဂလိက၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့်ပြည်သူလူထုတို့ ပူးပေါင်းဆောင်ရွက်မှုများလည်း လိုအပ်မည်ဖြစ်ပါသည်။
ခရီးသွားလုပ်ငန်းသည် ဝန်ဆောင်မှုကိုအခြေခံသော လုပ်ငန်းကဏ္ဍတစ်ခုဖြစ်ပြီး ကောင်းမွန်၍ အဆင့်အတန်းမြင့်သော ဝန်ဆောင်မှုပေးနိုင်ပါက ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေမည် ဖြစ်ပါသည်။ သို့ဖြစ်ရာလုပ်သားများကို ကုန်ကျစရိတ်တစ်ခုအသွင်မရှုမြင်ဘဲ လူသားအရင်းအမြစ် တည်ဆောက်မှု တစ်ခုအသွင် ဖန်တီးတည်ဆောက်သင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
စည်သူကျော်