ခရီးသွားလုပ်ငန်းဖွံ့ဖြိုးဖို့ ပြန်လည်ကြံဆဆောင်ရွက်စို့

ခင်သူဇာ(ဟိုတယ်/ခရီး)

ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့နှင့်အတူ

ကမ္ဘာတစ်ဝန်းရှိ အဖွဲ့ဝင်နိုင်ငံများတွင် စက်တင်ဘာလ ၂၇ ရက်နေ့၌ နှစ်စဉ်ကျင်းပသော ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့သည် ယခု တစ်ဖန်ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။ ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်မှ ယခုနှစ်ထုတ်ပြန်လိုက်သည့်ဆောင်ပုဒ်ဖြစ်သော “Rethin -king Tourism” “ခရီးသွားလုပ်ငန်းဖွံ့ဖြိုးဖို့ ပြန်လည်ကြံဆဆောင်ရွက်စို့” ခေါင်းစဉ်သည် ကိုဗစ်-၁၉ ရောဂါကြောင့် ရပ်တန့်လုနီးပါးဖြစ်နေသော ကမ္ဘာ့ခရီးသွားလုပ်ငန်းကို မည်သို့ပြန်လည်လုပ်ဆောင်ရမည်၊ မည်သို့ပြန်လည်ကြံဆရမည်ကို မီးမောင်းထိုးပြလိုက်သကဲ့သို့ ဖြစ်ပါသည်။ ၂၀၂၂ ခုနှစ် အီတလီနိုင်ငံ ရောမမြို့တွင်ကျင်းပသော စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း (G-20) အစည်းအဝေးတွင်  ခရီးသွားလုပ်ငန်းကဏ္ဍကို  အဓိကဦးစားပေး အကြောင်းအရာတစ်ခုအနေဖြင့် ထည့်သွင်းဆွေးနွေးသွားသည်ကို ကြည့်ခြင်းအားဖြင့် ခရီးသွားလုပ်ငန်း၏အရေးပါပုံကို သိရှိနိုင်ပါသည်။ ကမ္ဘာ့ခရီးသွားလုပ်ငန်းသည်   ကိုဗစ်-၁၉  ကပ်ရောဂါဖြစ်ပွားမှု လျော့နည်းလာခြင်းနှင့်အတူ ပြည်တွင်း၊ ပြည်ပခရီးသွားခြင်း အလေ့အထများလည်း  ပြန်လည်ရှင်သန်လာပြီဖြစ်ပါသည်။ ကမ္ဘာ့နိုင်ငံ အသီးသီးကလည်း မိမိတို့နိုင်ငံ၏ ခရီးသွားလုပ်ငန်းများကို ပြန်လည်ဖွံ့ဖြိုးလာအောင် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားဆောင်ရွက်နေကြသည်ကို တွေ့မြင်ရပါသည်။ နိုင်ငံတကာတွင် ခရီးသွားဧည့်သည်များကို ခရီးသွားဆွဲဆောင်မှုအသစ်များ၊ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှု အရည်အသွေးများ၊ စုံလင်သော ခရီးသွားအတွေ့အကြုံကောင်းများ ဖန်တီးကာ မိမိနိုင်ငံ၊ မိမိဒေသသို့ လာရောက်လည်ပတ်ရန် ဆွဲဆောင်နေကြသည်ကို တွေ့ရှိရပါသည်။ 

မြန်မာနိုင်ငံအနေဖြင့်  ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်သို့ အဖွဲ့ဝင်နိုင်ငံအဖြစ် ပြန်လည်ဝင်ရောက်ခဲ့သည့် ၂၀၁၂ ခုနှစ်မှစတင်၍ နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အခမ်းအနားကို နိုင်ငံတော်အဆင့် ဦးစားပေးကျင်းပခဲ့ပါသည်။  ယခုနှစ်တွင်လည်း   ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် ခရီးသွားလုပ်ငန်း၏ အကျိုးကျေးဇူးများကို အများပြည်သူအတွင်း ကျယ်ကျယ်ပြန့်ပြန့် အကျွမ်းတဝင် သိရှိလာစေရန်နှင့် ပြန်လည်ဖွံ့ဖြိုးလာစေရန် ခရီးသွားလုပ်ငန်း နေ့အခမ်းအနားကို ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်က သတ်မှတ်ပေးထားသောဆောင်ပုဒ်ဖြင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးဖို့ ပြန်လည်ကြံဆ ဆောင်ရွက်ရန် ရည်ရွယ်၍ကျင်းပသွားမည် ဖြစ်ပါသည်။

ကိုဗစ်-၁၉ အလွန်

ထို့ကြောင့်  ကိုဗစ်-၁၉ ကပ်ရောဂါအလွန် ခရီးသွားလုပ်ငန်းပြန်လည်ဖွံ့ဖြိုးဖို့ လုပ်ဆောင်ရာတွင် စိန်ခေါ်မှုများ၊ အခွင့်အလမ်းများကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။ ထိုစိန်ခေါ်မှုများကို ခရီးသွားလုပ်ငန်းကဏ္ဍတွင်   ပါဝင်ပတ်သက်နေသူများအားလုံး အမြန်ဆုံးကျော်ဖြတ်သွားနိုင်ရန် တက်ညီလက်ညီဖြင့် အတူတကွ ပူးပေါင်းကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ ပြည်တွင်းခရီးသွား လုပ်ငန်းမှအစပြု၍  ဒေသတွင်းခရီးသွားလာခြင်းများ  တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းခရီးသွားဈေးကွက် ပြန်လည်အသက် ဝင်လာမည်ဖြစ်ပါသည်။ ပြည်တွင်းခရီးသွားကဏ္ဍ ခိုင်မာစေရန်နှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးသည်  ကဏ္ဍပေါင်းစုံ  ပါဝင်ပတ်သက်နေသဖြင့် ဆက်နွှယ်သောဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးပါသည်။ 

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကို ပြည်တွင်းခရီးသွားဧည့်သည်များဖြင့် ခရီးသွားရာသီနှင့် ပွင့်လင်းရာသီဖြစ်သည့် စက်တင်ဘာလမှ စတင်ကာ ပြန်လည်အရှိန်ယူဖော်ဆောင်နိုင်ရေးအတွက် ကြိုတင်စီမံ ဆောင်ရွက်ထားရမည်ဖြစ်ပါသည်။  ဖြစ်ပွားခဲ့သော  ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မွန်းကျပ်နေသောစိတ်အား ပြန်လည်လန်းဆန်းစေရန်အတွက် အပန်းဖြေခရီးများသွားလာရန် ပြင်ဆင်ကြရာ မြို့ပြလူနေ ထူထပ်သောနေရာများနှင့် ဝေးရာနေရာများ၊ မြို့အနီးရှိ သဘာဝဆန်သော အေးချမ်းသည့်နေရာများသို့ လည်ပတ်ရန် စီစဉ်ဆောင်ရွက်လာ ကြပါသည်။ ခရီးသွားဧည့်သည်များ  တည်းခိုရန်နေရာများတွင် ဝန်ဆောင်မှုများကောင်းမွန်ခြင်း၊ ခရီးစဉ်နေရာများသို့ သွားရောက် လည်ပတ်ရန်အတွက် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေလွယ်ကူစေရန် ကောင်းမွန်လုံလောက်မှုရှိသော သယ်ယူပို့ဆောင်ရေးယာဉ်များ စီစဉ်ဆောင်ရွက်ပေးထားခြင်း၊ ဧည့်သည်များကိုယ်တိုင် ပါဝင်ဆင်နွှဲနိုင်မည့်အရာများ၊ သမိုင်းဝင်အထင်ကရနေရာများ၊ ပွဲတော်များကျင်းပခြင်းဖြင့် မိမိတို့ဒေသ၏ ထူးခြားချက်များနှင့် ဆွဲဆောင်မှုများကို ဧည့်သည်များသိရှိပြီး လာရောက်စေနိုင်ရေးအတွက် ခရီးသွားမြှင့်တင်ရေး လုပ်ငန်းများကို ပြုလုပ်ရပါမည်။ 

အရေးကြီးသောခရီးသွားဧည့်သည်များ၏အခန်းကဏ္ဍ 

ဧည့်သည်များ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အတွေ့အကြုံ သစ်များခံစားရပြီး  စိတ်ကျေနပ်မှုရရှိစေရန်  လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး ပြင်ဆင်ထားရှိရပါမည်။ ခရီးသွားလုပ်ငန်း ဝန်ဆောင်မှုများနှင့် ဆွဲဆောင်မှုများကို ပြည်တွင်းခရီးသွားဈေးကွက်နှင့် လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ခြင်းဖြင့် ခရီးသွားဧည့်သည်များအတွက် ပိုမိုကောင်းမွန်သော အတွေ့အကြုံများကို ဖန်တီးပေးနိုင် မည်ဖြစ်ပါသည်။   ပြည်တွင်းခရီးသွားဧည့်သည်များ၏   ခရီးသွား အတွေ့အကြုံပုံရိပ်မှတစ်ဆင့် ဒေသတွင်းမှ ပြည်ပခရီးသွားများအား ဆက်လက်ဖိတ်ခေါ်နိုင်ရန် အခွင့်အလမ်းကောင်းများ ပေါ်ပေါက်လာ မည်ဖြစ်ပါသည်။

သို့ရာတွင်  စတင်လာရောက်လည်ပတ်ကြသည့်  ခရီးသွား ဧည့်သည်များ၏ ခံစားရသောအတွေ့အကြုံများနှင့် အခြားသောသူများအား ပြန်လည်ဝေမျှမည့် သတင်းစကားမှာလည်း များစွာအရေးကြီးကြောင်းကို သတိထားသင့်ပါသည်။ မိမိဒေသအတွင်းသို့ လာရောက် လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များ၏ အဆင်ပြေချောမွေ့မှု၊ စိတ်ကျေနပ်မှုရရှိခြင်း၊  ကောင်းသတင်းဖြန့်ချိပေးမှုများမှတစ်ဆင့် ဒေသ၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူ ပြုစေမည်ဖြစ်ပါသည်။

ခရီးသွားဧည့်သည်များအတွက် ကြိုတင်ပြင်ဆင်ရမည့်အချက်များ၊ ဟိုတယ်နှင့်တည်းခိုရိပ်သာလုပ်ငန်းများ၌ တည်းခိုမည့်နေရာများတွင် လိုက်နာရမည့်အချက်များ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍများတွင် လိုက်နာရမည့်အချက်များ၊ ဧည့်သည်များ သွားလာလည်ပတ်ရာတွင် လိုက်နာရမည့်အချက်များကို  စနစ်တကျထုတ်ပြန်ပြီး  လိုက်နာ ဆောင်ရွက်မှုရှိ/မရှိ အချိန်နှင့်တစ်ပြေးညီစစ်ဆေးပြီး လိုအပ်သည့် လုံခြုံစိတ်ချစွာ   အသုံးပြုနိုင်သော  ခရီးသွားနေရာများအဖြစ် အသိအမှတ်ပြုလက်မှတ်များ၊ အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ထုတ်ပြန်ပေးမှသာလျှင် ခရီးသွားဧည့်သည်များ၏ ယုံကြည်မှုကို ပြန်လည်ရရှိလာမည် ဖြစ်ပါသည်။

ပြန်လည်စတင်အရှိန်ယူ

မြန်မာနိုင်ငံ၏ နိုင်ငံတကာခရီးသွားလုပ်ငန်း ပြန်လည်စတင်ခြင်းအနေဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ၂၀၂၂ ခုနှစ် ဧပြီလ ၁၇ ရက်နေ့မှစ၍ နိုင်ငံတကာလေကြောင်းလိုင်း ၁၀ လိုင်း စတင်ပြေးဆွဲခဲ့ပြီး ယခုအခါ လေကြောင်းလိုင်း ၁၅ လိုင်းပြေးဆွဲလျက်ရှိပါသည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ Commercial Flight များ ပြန်လည်ဆင်းသက်လာခြင်းနှင့်အတူ e-Visa (Business)၊ e-Visa (Tourist) များ ခွင့်ပြုပေးခဲ့သည့်အတွက် မြန်မာနိုင်ငံသို့ လာရောက်သော နိုင်ငံတကာခရီးသွားဧည့်သည်များ တိုးတက်လာသည်ကို တွေ့ရှိရပါသည်။
မြန်မာနိုင်ငံအနေဖြင့်  Inbound  Tourism  ပြန်လည်ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ဈေးကွက်ခိုင်မာမှုရှိပြီးဖြစ်သော ထိုင်းနှင့် တရုတ်နိုင်ငံသားခရီးသည်များကို   ဖိတ်ခေါ်ရန်နှင့်  ၎င်းတို့လာရောက် လည်ပတ်ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်ချက်များကို အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းညှိနှိုင်းစီစဉ်ဆောင်ရွက်ရန် လိုအပ်ပါသည်။ အပြည်ပြည်ဆိုင်ရာနယ်စပ်ဝင်ပေါက်များ ပိတ်ထားခြင်းဖြင့် ခရီးသွားလုပ်ငန်းကို  များစွာထိခိုက်စေပါသည်။  ထို့ကြောင့် အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်ပေါက်များ ပြန်လည်ဖွင့်လှစ်နိုင်ပါရန် သက်ဆိုင်ရာဝန်ကြီးဌာနများ ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် ခရီးသွား ဧည့်သည်များ ပြန်လည်ဝင်ရောက်လာမည်ဆိုလျှင် နိုင်ငံ၏စီးပွားရေးကို များစွာအထောက်အကူပြုမည်ဖြစ်ပါသည်။

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရန် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက် ရေးသည် အဓိကကျသည့်ကဏ္ဍတစ်ရပ်ဖြစ်ပြီး ပို့ဆောင်ဆက်သွယ်ရေး၊ အခြေခံအဆောက်အအုံ၊ ငွေကြေးစီမံခန့်ခွဲမှုစသည့် အဘက်ဘက်မှ ဟန်ချက်ညီညီဖွံ့ဖြိုးမှသာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်သောကြောင့် ကဏ္ဍအလိုက်ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ ခရီးသွားဧည့်သည်များ  မြန်မာနိုင်ငံသို့  ပိုမို လာရောက်လည်ပတ်ရန်အတွက်   ခရီးစဉ်ဒေသအသီးသီးတွင် အဆင်ပြေလွယ်ကူစွာ သွားလာနိုင်စေရန် စီစဉ်ဆောင်ရွက်ပေးနိုင်မှု၊ ဌာနအလိုက်သတ်မှတ်ထားသော ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ ကန့်သတ်ချက်များကို ဖြေလျှော့ပေးနိုင်မှု၊ ပြည်တွင်း၊ ပြည်ပ ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများနှင့် ညှိနှိုင်းပူးပေါင်းမှုတို့ဖြင့် ခရီးသွားလုပ်ငန်း ပြန်လည်စတင်အရှိန်ယူရန် ဆောင်ရွက်သွားရမည် ဖြစ်ပါသည်။

ကဏ္ဍစုံပြင်ဆင်ဆောင်ရွက်သင့်

ခရီးသွားလုပ်ငန်းရေရှည်တည်တံ့ရေးအတွက် ပြန်လည်ထူထောင် ရေးလုပ်ငန်းများ  ကြိုတင်ကြံဆပြီး  ရှေ့လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါသည်။ ရေတို၊ ရေရှည်လုပ်ငန်းစဉ် များအရ ခရီးသွားလုပ်ငန်းတွင် အများပါဝင်ဆောင်ရွက်ခွင့် ပိုမိုရရှိစေရေး၊ တန်းတူအခွင့်အရေးရရှိရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဟူသော ကိစ္စရပ်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ခရီးသွားအရင်းအမြစ်အသစ်များ  ဖန်တီးဖော်ထုတ်ရန်  အားပေးတိုက်တွန်းပြီး အဖွဲ့အစည်းများအကြား ဆက်သွယ်ဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်ရန် လိုအပ်ပါသည်။

ပြည်တွင်းခရီးသွားဧည့်သည်များအပေါ်အခြေခံ၍ ပြည်တွင်းခရီး စဉ်ဒေသနှင့် စိတ်ဝင်စားဖွယ် ဆွဲဆောင်မှုများကို မြှင့်တင်ဆောင်ရွက် ရန်၊  ခရီးသွားလုပ်ငန်းတွင်  ဧည့်ဝန်ဆောင်မှုလုပ်ငန်းအနေဖြင့် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ လမ်းညွှန်ချက်များကို လိုက်နာအကောင်အထည်ဖော်ရန် ကျန်းမာရေးနှင့်ပတ်သက်သော နောက်ဆုံးရသတင်းအချက်အလက်များကို  အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ဆောင်ရွက်နိုင်ရန်၊ ခရီးစဉ်ဒေသများ၌ တည်းခိုနေထိုင်ရေး၊ လှည့်လည်သွားလာရေးနှင့် အခြားဝန်ဆောင်မှုဆိုင်ရာတို့ကို Online မှ လုပ်ကိုင်ဆောင်ရွက်ရန်အတွက် အသေးစားနှင့် အလတ်စားလုပ်ငန်းများကို အကူအညီပေးရန်၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ဈေးကွက်သို့ ဝင်လာနိုင်ရေး ကူညီဆောင်ရွက်ရန်၊ နယ်စပ်ဖြတ်ကျော် ခရီးစဉ်များ လည်ပတ်နိုင်ရေး  အပြည်ပြည်ဆိုင်ရာနယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ရန်၊  ခရီးသွားလုပ်ငန်းနှင့်  ဆက်စပ် ဆောင်ရွက်နေသော အခြေခံအလုပ်သမားအင်အားစုများ  ပိုမိုပေါ်ပေါက်လာစေရန်၊   ဒေသဆိုင်ရာခရီးသွားလုပ်ငန်းစီမံခန့်ခွဲမှု အဖွဲ့များ၏ အခန်းကဏ္ဍမြှင့်တင်ရန်၊ မြန်မာနိုင်ငံသည် ဆွဲဆောင်မှုရှိသော ခရီးစဉ်ဒေသတစ်ခုဖြစ်ကြောင်း ရုပ်/သံများရိုက်ကူး၍ ဈေးကွက်မြှင့်တင်ရန်၊ ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဈေးကွက်ရှာဖွေခြင်းနှင့် အရောင်းမြှင့်တင် ခြင်းများကို  သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်  ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ပါသည်။

မိမိနိုင်ငံ၊ မိမိဒေသများ၏ ထူးခြားချက်များ၊ သဘာဝအလှတရားများကို သိရှိနိုင်စေရန် ရည်ရွယ်၍ ပြည်တွင်း၊ ပြည်ပသတင်းဌာနများတွင် အလေးထားကြော်ငြာသင့်ပါသည်။ ဒေသခံများနှင့်တွေ့ဆုံပြီး သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်၍ စောင့်ရှောက်မှုလုပ်ငန်းစဉ်များကို မြှင့်တင်ဆောင်ရွက်ခြင်း၊ အသိပညာပေးအလုပ်ရုံဆွေးနွေးပွဲ များပြုလုပ်၍ ပံ့ပိုးမှုနှင့် ထောက်ပံ့မှုများကို နိုင်ငံတော်အစိုးရနှင့် ပြည်တွင်း၊  ပြည်ပအဖွဲ့အစည်းများက  စုပေါင်းကူညီပေးရန် ဆောင်ရွက်ခြင်း၊  စီမံကိန်းများရေးဆွဲရာတွင်  သက်ဆိုင်ရာဌာန  အဖွဲ့အစည်းများနှင့် ခရီးသွားကုမ္ပဏီများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ကျွမ်းကျင်ပညာရှင်များ ပါဝင်ရေးဆွဲနိုင်ရန် ဆောင်ရွက်ခြင်းတို့ ပြုလုပ်ကြရပါမည်။ ခရီးသွားဧည့်သည်များ စိတ်ကျေနပ်မှုရရှိစေရန် ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်နေသောလုပ်ငန်းများသည် ဝန်ဆောင်မှုများ ကောင်းမွန်ရပါမည်။ ရိုးရာလက်မှုပညာလုပ်ငန်းများကို  ခေတ်မီ နည်းပညာများ၊ ဆန်းသစ်သောအတွေးအခေါ်များနှင့် ပြုပြင်ပြီး ထုတ်လုပ်ရောင်းချရပါမည်။ တစ်နေရာတည်းတွင် အစားအသောက်များ၊ လေ့လာစရာများ၊ လှုပ်ရှားမှုအစီအစဉ်များ၊ အပန်းဖြေနေရာများ စသဖြင့် အမျိုးအစားစုံလင်သော ခရီးသွားဇုန်များဖော်ထုတ်၍ ခရီးသွား ဧည့်သည်များ၏စိတ်ကို   ပိုမိုဆွဲဆောင်ရန်   လုပ်ဆောင်ရပါမည်။ ဧည့်သည်များကိုယ်တိုင်  ပါဝင်လုပ်ဆောင်နိုင်သောအရာများဖြစ်သည့် စွန့်စားသွားလာမှုဆိုင်ရာအစီအစဉ်များ၊ လက်မှုလုပ်ငန်းများအား စီစဉ်ဆောင်ရွက်နိုင်ရန် ပြုလုပ်ထားရပါမည်။ ထိုသို့ဆောင်ရွက်ရာတွင် ခရီးသွားဧည့်သည်များ၏ အမူအကျင့်များကိုသိရှိပြီး လိုအပ်သည်များကိုလည်း ထည့်သွင်းစဉ်းစားထားရပါမည်။ 

ယုံကြည်စိတ်ချရသောခရီးစဉ်ဒေသတစ်ခုအဖြစ် ဖော်ဆောင်ရန်

အပြည်ပြည်ဆိုင်ရာ  လေကြောင်းလိုင်းများနှင့် ပြည်တွင်းလေကြောင်းလိုင်းများ ဆက်သွယ်မှုလမ်းကြောင်းများ ပိုမိုကောင်းမွန်လာစေရန် တိုးမြှင့်ဆောင်ရွက်ခြင်း၊ အထင်ကရခရီးစဉ်ဒေသများနှင့် ခရီးစဉ်ဒေသအသစ်များကြား လမ်းကြောင်းများ ပိုမိုကောင်းမွန်စေရေးဖောက်လုပ်တည်ဆောက်ခြင်း၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်မှုရှိသော အခြေခံအဆောက်အအုံများ၊ လမ်းညွှန်ဆိုင်းဘုတ်များ၊ ပြန်ကြားရေးကောင်တာများ၊  အများသုံးအိမ်သာများ စသည်တို့ကို ပိုမိုကောင်းမွန်စေရေးဆောင်ရွက်ခြင်း၊  ခရီးစဉ်ဒေသစီမံခန့်ခွဲမှုတွင် အားလုံးပါဝင်ဆောင်ရွက်ခွင့်ရရှိရေး၊ ခရီးသွားလုပ်ငန်းနယ်ပယ်အား ပိုမိုကျယ်ပြန့်လာစေရေး၊    သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက်ရေးနှင့် ခရီးစဉ်ဒေသအသစ်များ ပေါ်ထွက်လာပြီး ရေရှည် တည်တံ့ခိုင်မြဲရေးအတွက် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ဆောင်ရွက်ခြင်း၊ ခရီးသွားလုပ်ငန်းအရင်းအမြစ်များဖြစ်သော ယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင် အမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းရန်နှင့် ဆိုးကျိုးသက်ရောက်မှုများမှ ကာကွယ်ခြင်းများကို ဆောင်ရွက်ထားသင့် ပါသည်။

ခရီးသွားလုပ်ငန်းကဏ္ဍ ပြန်လည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက်  ခရီးစဉ်ဒေသများ၊ ခရီးသွားနေရာများနှင့် ခရီးသွားဆွဲဆောင်မှုများ၏ အကြောင်းအရာများ၊ အချက်အလက်များကို လွယ်ကူစွာဖတ်ရှုနိုင်ရန်၊ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်သည့် ခရီးစဉ်ဒေသများ  ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ  ကြိုတင်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ထားရန်၊ သဘာဝအခြေခံခရီးသွား လုပ်ငန်းများ၊ လူထုအခြေပြုခရီးသွားလုပ်ငန်းများ၊ ယဉ်ကျေးမှုအမွေအနှစ် လေ့လာရေးခရီးစဉ်များနှင့် ခရီးသွားဆွဲဆောင်မှု အရင်းအမြစ်များ ထိန်းသိမ်းရန်နှင့် ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်ရန်၊  ဒေသထွက် အမှတ်တရများ၊ ဒေသထွက်အစားအစာများ၊ ပိုမိုကောင်းမွန် သော ထုပ်ပိုးမှုစနစ်များဖြင့် ထုတ်ကုန်များ ကျယ်ပြန့်စွာ အဆင့်မြှင့်တင် ထုတ်လုပ်ရောင်းချနိုင်စေရန်၊  ခရီးသွားလုပ်ငန်းဆိုင်ရာ  လူ့စွမ်းအားအရင်းအမြစ်များ  ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ဝန်ဆောင်မှုသင်တန်းများ၊ ဘာသာစကားသင်တန်းများ၊ ကဏ္ဍအလိုက် မွမ်းမံ သင်တန်းများ ဖွင့်လှစ်ပေးနိုင်ရန်၊ အလားအလာကောင်းသော ခရီးစဉ်နေရာအသစ်များ ဖော်ထုတ်၍ ခရီးသွားလုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံ လိုသူများအား ဖိတ်ခေါ်ဆောင်ရွက်ရန်၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သော ဒေသတွင်းလူမှုအဖွဲ့အစည်းများ၊ အစိုးရအဖွဲ့အစည်းများ၊ ခရီး သွားလုပ်ငန်းဆိုင်ရာ နည်းပညာရှင်များနှင့် ဘဏ္ဍာငွေအရင်းအမြစ်များ ဆောင်ရွက်နိုင်ရေး  ကြိုတင်ပြင်ဆင်ထားရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာလုပ်ငန်းစဉ်များကို လိုက်နာဆောင်ရွက် အကောင်အထည်ဖော်ခြင်းဖြင့်   ခရီးသွားဧည့်သည်များအတွက် ယုံကြည်စိတ်ချရသော ခရီးစဉ်ဒေသတစ်ခုအဖြစ် ဖော်ဆောင်သွားနိုင်ရန် ပြန်လည်ကြံဆ ဆောင်ရွက်ပြင်ဆင်ထားသင့်ပါသည်။ 

ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့နှင့်အတူ

ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရေး၊ သဘာဝအရင်းအမြစ်များ၊ သမိုင်းဝင်ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းထားနိုင်ရေး၊ ပြည်သူလူထုအချင်းချင်း ရင်းနှီးကျွမ်းဝင်မှုနှင့် အပြန်အလှန်နားလည်မှု တည်ဆောက်နိုင်ရေးဟူသော ရည်ရွယ်ချက်ဖြင့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အခမ်းအနားကို နှစ်စဉ်ကျင်းပလျက်ရှိရာ ယခုနှစ်ကျင်းပသော ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့၏  ရည်ရွယ်ချက်အနှစ်သာရဖြစ်သည့် ခရီးသွားလုပ်ငန်းပြန်လည်ဖွံ့ဖြိုးရေးအတွက် အထက်ပါအကြောင်းအရာများကို နိုင်ငံတော်၏ဒေသဖွံ့ဖြိုးတိုးတက်ရေး မူဝါဒများချမှတ်ရာတွင် ထည့်သွင်းစဉ်းစားရန် လိုအပ်မည်ဖြစ်ပါသည်။ ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးလာရေးအတွက် ပုဂ္ဂလိကကဏ္ဍနှင့်လည်း ပေါင်းစပ် ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သော လုပ်ငန်းရှင်များကလည်း  တီထွင်ကြံဆမှုများဖြင့် ဆန်းသစ်သော ခရီးသွားအစီအစဉ်များဖြင့် မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍကို ပိုမို ကောင်းမွန်အောင် မြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ဒေသခံများကလည်း မိမိတို့ဒေသ၏ ခရီးသွားဆွဲဆောင်မှုများကို အသုံးချ၍ တစ်မူထူးခြားသော ခရီးသွားအတွေ့အကြုံများ ဖန်တီးကာ ဒေသ၏ ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ရပါမည်။ ခရီးသွားလုပ်ငန်းသည် ဝန်ဆောင်မှုပေးရသောလုပ်ငန်းဖြစ်ပြီး ပြောင်းလဲမှုမြန်ဆန်၍ ကဏ္ဍတစ်ခုတည်းရပ်တည်၍မရဘဲ အစိုးရ၊ လုပ်ငန်းရှင်၊ ပြည်သူများကလည်း မိမိတို့ဒေသ၏ ခရီးသွားလုပ်ငန်းများ စနစ်တကျရေရှည်ဖွံ့ဖြိုးရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခြင်းဖြင့် မိမိတို့အသိုက်အဝန်းနှင့် ဒေသမှတစ်ဆင့် နိုင်ငံတော်၏ အမျိုးသားခရီးသွားလုပ်ငန်းကဏ္ဍကို ပြန်လည်ဖွံ့ဖြိုးတိုးတက်စေရန် စိတ်ကူးသစ်၊ အကြံဉာဏ်သစ်များဖြင့် ဝိုင်းဝန်းကြံဆဆောင်ရွက်ရေး အတွက်  “ခရီးသွားလုပ်ငန်းဖွံ့ဖြိုးဖို့  ပြန်လည်ကြံဆဆောင်ရွက်စို့” ဟူသောဆောင်ပုဒ်ဖြင့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အား ကြိုဆိုဂုဏ်ပြု လိုက်ပါသည်။      ။