ရန်ကုန် ၃၁ သြဂုတ် 

 

ရန်ကုန်မြို့၊ အမျိုးသားစီမံခန့်ခွဲမှု ပညာကောလိပ်၊ ခရီးသွားလုပ်ငန်းပညာနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ဘွဲ့လွန်ဒီပလိုမာ အမှတ်စဉ်(၁၁) DTSM-11 ကျောင်းသား/သူများ မန္တလေးတိုင်းဒေသကြီး၊ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေသို့ သြဂုတ် ၂၄ မှ ၂၆ ရက်အထိ (၃)ရက်ကြာ ကြီးကြပ်သူ ဆရာမများနှင့်အတူ လေ့လာရေးခရီး သွားရောက် လည်ပတ်ခဲ့ကြောင်း သိရသည်။ 

 

ရွှေစည်းခုံစေတီ၊ မနုဟာဘုရား၊ နန်းဘုရားနှင့် ယွန်းထည်လုပ်ငန်း၊ အာနန္ဒာဘုရား၊ သရပါတံခါး၊ မြင်းကပါအရပ်မှ ဂူပြောက်ကြီးဘုရား၊ မြစေတီဘုရားနှင့် (UNESCO Memory of the World) စာရင်းဝင် ၄-ဘာသာဖြင့် ရေးထွင်းထားသည့် မြစေတီကျောက်စာ၊ စူဠာမဏိဂူဘုရား၊ သဗ္ဗညုဘုရား၊ ဗိဿနိုးနတ်မင်းနှင့် သျှီဝ၊ ဗြဟ္မာနတ်များ၏ နတ်လျောင်းကျောင်း၊ ငကျွဲနားထောင်းစေတီ၊ ပုထိုးသားများဘုရား၊ ဓမ္မရံကြီးဘုရား၊  ညနေပိုင်းတွင် နေဝင်ဆည်းဆာအလှ ကြည့်ရာ တောင်ကုန်းမှ တန့်ကြည်တောင်ဘက်သို့ နေဝင်ဆည်းဆာအလှကို ခံစားကြည့်ရှုကြသည်။ ညပိုင်းတွင် နန္ဒာစားသောက်ဆိုင်တွင် ရုပ်သေးအကဖြင့် ညစာစားသုံးပြီးနောက် ဧရာဝတီမြစ်ကမ်းနဘေးရှိ ရွှေကွန်ချာ ဘုရားတွင် ဆီးမီးပူဇော်ကြသည်။ 

 

နောက်တစ်နေ့တွင် နေထွက်ရှုမြော်ခင်းကြည့်ရာ ဓမ္မရာဇကဘုရား၏ မြောက်ဘက်ရှိ အုတ်ကျောင်းတိုက်ပေါ်မှ နိုင်ငံခြားခရီးသွားများနှင့်အတူ နေထွက်အလှကို သုံးဘီးများစီးကာ သွားရောက်ကြည့်ရှုခံစားပြီး၊ လမ်းတစ်လျောက်ရှိ ဒေသခံများ၏ နွားများဖြင့် လယ်ထွန်ယက်ခြင်းနှင့် ရှုခင်းများကို ခံစားကြည့်ရှုကာ အမှတ်တရရှုခင်းပုံများရိုက်ကူးကြသည်။ 

 

မနက်ပိုင်းတွင် ရွှေရည်ပွင့်ဟိုတယ်သို့ ရောက်ရှိကာ နံနက်စာ သုံးဆောင်ပြီး လောကနန္ဒာစေတီ၊ ဓမ္မရာဇကစေတီတော်၊ တိုင်းရေးပြည်ရေး ရေကြည်ရေနောက် နိမိပြသည့် မင်းနန်သူရေကန်၊ လေးမျက်နှာဘုရား၊ အနန္ဒပညာဘုရား၊ ကြက်ဂူကျောင်း၊ ဘုရားသုံးဆူ၊ သမ္ဘူလဘုရား၊ ရှင်မထီး၏ ရှင်အဇ္ဈဂေါဏဘုရားနှင့် ရှင်မထီးဖိုထိုးရာအုတ်တိုက်၊ တမာလမ်း၊ အညာလက်ဆောင် ထန်းလျက်နှင့် ဒေသထွက်ဆိုင်များ၊ ကျောက်ပန်းတောင်းမြို့မှ ထန်းထွက်ပစ္စည်းများ၊ မိတ္ထီလာအထွက် လက်ပံဖျားကြက်ကြော်ဆိုင်တို့မှ ဒေသထွက်ကုန်များကို ဝယ်ယူအားပေးခဲ့ကြသည်။ 

 

မြန်မာနိုင်ငံ၏ သမိုင်းတန်ဖိုးကြီးမားသော ပထမမြန်မာနိုင်ငံဖြစ်သည့် ပုဂံဒေသသည် ဘုရား၊ စေတီ၊ ပုထိုးပေါင်း သုံးထောင်ကျော်ခန့် ရှိနေပြီး ရန်ကုန်မြို့မှ သွားရောက်ပါက လေယာဉ်၊ ကား၊ ရထား လမ်းခရီးများဖြင့် သွားလာနိုင်ပါသည်။ ယခုအခါ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတွင် ခရီးသွား လည်ပတ်သူများအတွင် မြင်းလှည်း၊ သုံးဘီးဆိုင်ကယ်၊ e-bike များဖြင့် ငှားရမ်းသွားလာနိုင်ပြီး ဒေသထွက် ကုန်များဖြစ်သည့် ထန်းလျက်၊ ဇီး၊ မန်ကျည်း၊ အုန်းထန်းလျက်များ၊ ဆီးဖြူသီး၊ ပုန်းရည်ကြီး၊ ယွန်းထည်ပစ္စည်းများ၊ အညာဒေသထွက် လက်ဆောင် ပဲဆီများကို အားပေးဝယ်ယူခြင်းဖြင့် ဒေသခံများအတွင် ဝင်ငွေရရှိစေနိုင်ပါသည်။ 

 

''ပုဂံဒေကို ဟိုတယ်တွေနဲ့ ခေတ်မီပုံစံကြီး မြင်ရတာ စိတ်မကောင်းဘူး၊ တူရကီနိုင်ငံက ရှေးဟောင်းမြို့လေးလို စည်းကမ်းတွေ အာဏာပိုင်တွေက ချမှတ်ပေးထားစေချင်တယ်၊ စားသောက်ဆိုင်တွေ၊ SPA တွေ၊ KFC လိုတွေ အကုန်မြို့ပြင် ကမ်းခြေမှာပဲထားတယ်၊ မြို့ဟောင်းထဲက အိမ်ဟောင်းတွေကို ပုံစံမပျက်ပြုပြင်ထားတယ်၊ အထဲမှာ ကားမဝင်ရဘူး မီးသတ်ကားနဲ့ အရေးပေါ်ယာဉ်ပဲထားတယ်၊ ဒီပုဂံမြို့ဟောင်းကိုလည်း အခု UNESCO သွင်းဖို့ လုပ်နေပါပြီ၊ လမ်းကအစမြေသားလမ်းဖြစ်မှ ဘုရားတွေမှာ အနုလက်ရာ နံရံဆေးရေးပန်းချီတွေ စဉ့်ပြကွက်တွေရှိတယ် ထိန်းသိမ်းမှု အားနည်းလို့  ပျောက်ဆုံးပျက်စီးနေတယ် တချို့လက်ရာတွေ၊ မြင်းလှည်းနေရာ ၃ ဘီး ဝင်ရမယ့်နေရာသီးသန့်စီ သတ်မှတ်ပေးစေချင်တယ်၊ ဟိုတယ်တွေ စားသောက်ဆိုင်တွေကို မြို့ဟောင်းအပြင်ဘက် တစ်မိုင်အကွာမှာပဲစပြီး ဖွင့်ခွင့်ပြုစေချင်တယ်၊ ရထားနဲ့လာဖို့ အချိန်မှန်စေချင်ပါတယ်၊ local တွေကို ဟိုတယ်တွေက ခွဲခြားလက်ခံတာမျိုး မဖြစ်စေချင်ပါဘူး၊ ပုဂံက မိုးကွယ်အရပ်ဖြစ်လို့ ဘုရားပုထိုးတွေ ကြာရှည်ခံတာ ဖြစ်ပါတယ်၊ အခုမြက်ခင်းတွေစိုက်နေတာ သရပါတံခါးနားမှာလည်း ရေတွေလောင်းနေတာ အပင်တွေများလာရင် တမာပင် ထန်းပင်တို့က ပြဿနာမရှိဘူး မိုးများလာရင် ပူလိုက်စိုလိုက်နဲ့ ပျက်စီးစေနိုင်လို့ ရှေးပညာရှင်တွေနဲ့ စဉ်စားတိုင်ပင် ထိန်းသိမ်းစေချင်ပါတယ်၊ ကမ္ဘောဒီးယားမှာဆို အန်ကောဒေသကို ဒေသခံ အရပ်ဖက်အဖွဲ့နဲ့ ဘုန်းကြီးတွေရယ် အစိုးရ သုံးပွင့်ဆိုင် ဆွေးနွေးပြီး ထိန်းသိမ်းထားကြပါတယ်'' ဟု DTSM 11 သင်တန်းသားများက တွေ့ရှိချက်များကို အကြံပြုပြောကြားသည်။ ပုဂံမြို့တွင် မြင်းလှည်း ၃၄၀ စီးရှိပြီး ၃ ဦးလျှင် တစ်စီးဖြင့် ကျပ်တစ်သောင်းဖြင့်လည်းကောင်း e-bike တစ်ရက်လျှင် ၈၀၀၀ ကျပ်နှုန်းဖြင့် လည်းကောင်း၊ ၃ ဘီးတစ်စီး ၇၅၀၀ ဖြင့်လည်းကောင်း လည်ပတ်နိုင်ကြောင်း သိရသည်။ 

 

DTSM သင်တန်းသားများကို နှစ်စဉ်ရွေးချယ် ခေါ်ယူသင်ကြားမွေးထုတ်ပေးလျက်ရှိရာ ယခုနှစ်တွင် ဝင်ခွင့် လျောက်ထားသူ ဦးရေ ၁၂၀ ကျော်အနက် ၅၁ ဦးမှာ ဝင်ခွင့်ဖြေဆိုအောင်မြင်၍ ခရီးသွားလုပ်ငန်း စီမံခန့်ခွဲပညာရပ်များကို စာတွေ့ လက်တွေ့ လေ့လာမှုများနှင့်အတူ ပြင်ပမှ ခရီးသွားလုပ်ငန်းဆိုင်ရာ စာတမ်းများ လက်တွေ့နယ်ပယ်မှ အတွေ့အကြုံရှိဆရာ ဆရာမများက သင်ကြားပေးလျက်ရှိသည်။သင်တန်းကာလမှာ ၉ လကြာပြီး semester ၂ ပိုင်း သတ်မှတ်ထားသည်။ 

 

သန့်ဇင်မင်း