ခရီးသွားများ လိမ္မော်ပင်အကြောင်း လေ့လာနိုင်မည့် ပြင်ဦးလွင်က လိမ္မော်ခြံ

ပြင်ဦးလွင် ၉ ဖေဖော်ဝါရီ

 

အာဆီယံ ခရီးသွားဖိုရမ်မှာ အသန့်ရှင်းဆုံး ခရီးသွားမြို့အဖြစ် ဆုရရှိခဲ့သည့် ပြင်ဦးလွင်မြို့တွင် နောက်ထပ် လည်ပတ်စရာ နေရာသစ်တစ်ခု တိုးလို့လာပြန်ပါပြီ။

 

 

ခရီးသွားများအတွက် နောက်ထပ် လည်ပတ်စရာ နေရာကတော့ လိမ္မော်သီးတွေကို ကိုယ်တိုင် ခူးစွတ်နိုင်တဲ့ မြန်မာနိုင်ငံရဲ့ အကြီးဆုံး ထူးလိမ္မော် စိုက်ပျိုးရေးခြံပင်ဖြစ်သည်။ လိမ္မော်ခြံတွင် ခရီးသွားများ အလည်အပတ် လာရောက်လေ့လာနိုင်ရန် ဖေဖော်ဝါရီလ ၁ ရက်မှာ ခရီးသွားများအား စတင်လေ့လာခွင့်ပြုခဲ့သည်။

 

 

စိုက်ပျိုးခင်းများအတွင်း ဝင်ရောက် လေ့လာခွင့်များကြောင့် ခရီးသွားများ၏ စိတ်ဝင်စားမှုအထူးရရှိခဲ့သည့် ထူး လိမ္မော်စိုက်ပျိုးရေးခြံဟာ တစ်ပတ်တာကာလ အတွင်းမှာပင် လူသိများလာခဲ့သည်။

 

ဧက ၄၀ဝ ခန့် ကျယ်ဝန်းသည့် လိမ္မော်စိုက်ပျိုးရေးခြံကြီး အတွင်းဝင်လိုက်သည့်အခါ စိမ်းစိုနေသည့် လိမ္မော်ပင်များမှာ အဝါရောင် လိမ္မော်သီးတွေ သီးနေသည့် စိုက်ခင်းကြီးကို မျက်စိတစ်ဆုံး မြင်တွေ့ရမည်ဖြစ်သည်။ ခြံကြီး၏ အလည်တွင် ခရီးသည်များ နားနေရန်အတွက် နှစ်ထပ်သစ်သား အဆောင်ကြီးကလည်း ထည်ထည်ဝါဝါ တည်ရှိသည်။

 

လိမ္မော်ခြံတွင် လိမ္မော်အမျိုးအစား ၅ မျိုး စိုက်ပျိုးထားပြီး တစ်နှစ်ပတ်လုံး လိမ္မော်ထွက်ရှိသည့် ခြံတစ်ခုပင်ဖြစ်သည်။ Honey ၊ Honey 9/9 ၊ No.1 ၊ Fremont ၊ Calamondin စသည့် လိမ္မော် အမျိုးအစားများ စိုက်ပျိုးထားကြောင်း သိရသည်။

 

ယင်းလိမ္မော်ခြံတွင် အမြဲတမ်းဝန်ထမ်း ၃၅ ဦး၊ ယာယီဝန်ထမ်း ၁၆၀ ကျော် ရှိတယ်ပြီး ထွက်ရှိသည့် လိမ္မော်သီးများအား မန္တလေး ဈေးကွက်မှတစ်ဆင့် မြန်မာနိုင်ငံ အနှံ့ဖြန့်ဖြူးကြောင်း သိရသည်။ လိမ္မော်ခြံတွင် အလုပ်လုပ်တာ လေးလခန့်ရှိပြီဖြစ်တဲ့ ချောက်မြို့မှ အလုပ်လာရောက် လုပ်ကိုင်သည့် နေ့စားဝန်ထမ်းတစ်ဦးက ‘လိမ္မော်သီးတွေ ခူးရတာပျော်လို့ လာလုပ်တာပါ။ နေစရာပေးတယ်။ တနေ့ကို ၃၅၀ဝ ကျပ် ရတယ်’ ဟု ပြောသည်။

 

လိမ္မော်ပင်ပေါင်း ၃၅၀ဝ၀ ကျော် စိုက်ပျိုးထားသည့် လိမ္မော်စိုက်ပျိုးရေးခြံတွင် ကော်ဖီ ၊ နဂါးမောက် ၊ မာလကာ(ယိုးဒယား) ၊ ထောပတ် စသည့်တို့လည်း စိုက်ပျိုးထားသည်။

 

လာရောက်လည်ပတ်လိုသည့် ခရီးသွားများအား လိမ္မော်ခြံအဝင်တွင် ဝင်ကြေးလက်မှတ် ဖြတ်ရမည်ဖြစ်သည်။ ဝင်ကြေး အနေဖြင့် လူကြီး ၂၀ဝ၀ ကျပ် ၊ ကလေး ၁၀ဝ၀ ကျပ် သတ်မှတ်ထားသည်။ စဖွင့်သည့်အချိန်မှ ယနေ့အထိ နေ့စဉ် ခရီသွား ၂၀ဝ ခန့် ဝင်ရောက် လည်ပတ်ကြောင်း သိရလို့ အနည်းဆုံး တနေ့ကို ၃ သိန်းနဲ့ ၄ သိန်းကြား  လိမ္မော်ခြံ ဝင်ကြေး ရနေတယ်လို့ ဆိုနိုင်ပါသည်။ စနေ ၊ တနင်္ဂနွေရက်များတွင် တစ်ရက် ခရီးသွား ၄၀ဝ ခန့် လာရောက် လည်ပတ်ကြောင်း ပြောပါသည်။

 

‘ကျွန်တော်တို့လိမ္မော်ခြံက ကားလမ်းဘေးဆိုတော့ ဒီနားက ဖြတ်သွားတဲ့သူတွေက ခြံထဲကို ဝင်ချင်ကြတယ်။ အစကတော့ ဒီလို အကောင်ထည်ဖော်မယ်လို့ စိတ်ကူးမထားသေးတော့ ခြံပြုပြင်ခြင်း အသီးကို ဈေးကွက် တင်ပို့ခြင်းတွေပဲ ပုံမှန်လုပ်ခဲ့တယ်။ ဒီနှစ်တော့ ပြောင်းလဲလာတဲ့ ခေတ်နဲ့အညီ ခရီးသွားတွေလည်း အလည်အပတ်လာလို့ရအောင် အခုလို ဆောင်ရွက်လိုက်တာပါ’ ဟု ခြံ၏ အထွေထွေမန်နေဂျာ ဦးမိုးဇော်မှ ပြောသည်။

 

လိမ္မော်ခြံကို ၂၀ဝ၅ ခုနှစ်တွင် စတင် အကောင်ထည်ဖော်ခဲ့ခြင်းဖြစ်ပြီး၂၀ဝ၇ ခုနှစ်တွင် လိမ္မော်ပင်များ စတင်စိုက်ပျိုးခဲ့သည်။ စိုက်ပျိုးပြီး လေးနှစ်ခန့်ကြာတွင် လိမ္မော်သီးများအား ဈေးကွက်မှာ စတင်ဖြန့်ချိနိုင်ခဲ့သည်။

 

လိမ္မော်ခြံတွင် ဆယ်ပေခန့်မြင့်သည့် လိမ္မော်ပင် တစ်ပင်တွင် အသီး ၃၀ဝ နှင့် ၃၅၀ ကြားတွင် သီးလေ့ရှိသည်။ ယင်းလိမ္မော်သီးများအား လိမ္မော်ခူးသည့် ကတ်ကြေးဖြင့် အညှာမှညှပ်ကာ ခူးယူရသည်။

 

ဝန်ထမ်းများမှ လိမ္မော်သီးခူးပုံကို ရှင်းပြပြီးနောက် ခရီသွားများလည်း ကိုယ်တိုင် ခူးယူနိုင်ပေသည်။ လိမ္မော်သီးခူးရန် ပလိုင်းခြင်း တစ်လုံးနဲ့  ကတ်ကြေး တစ်လတ်ဖြင့် လိမ္မော်သီးများအား အားရပါးရ ခူးဆွတ်ခဲ့ကြသည်။

 

ခရီးသွားများ ကိုယ်တိုင် ခူးဆွတ်သည့် လိမ္မော်သီးများကို ကီလို အချိန်အတိုင်း ပြန်လည်ဝယ်ယူရသည်။ ယခုလ ၈ ရက် လိမ္မော်သီးပေါက်ဈေးမှာ  အရွယ်အစားအလိုက် တစ်ကီလို ၈၀ဝ ကျပ်မှ ၁၄၀ဝ ကျပ် အထိရှိပေမယ့် ခရီသွားများ ကိုယ်တိုင် ခူးဆွတ်သည့် အရွယ်အစား ဆိုဒ်စုံပါတဲ့ လိမ္မော်သီး တစ်ကီလို ၁၅၀ဝ ကျပ်ဖြင့် ဝယ်ယူရသည်။

 

လိမ္မော်ခြံအတွင်းတွင် လိမ္မော်သန့်စင် စက်ရုံလည်း တည်ရှိသည့်အတွက် လိမ္မော်သီးများကို ဘယ်လိုသန့်စင်ကာ အလုံးအရွယ်အစား ဘယ်လိုရွေးချယ်သည် ဆိုသည်များလည်း ဝင်ရောက်လေ့လာနိုင်သည်။

 

လိမ္မော်ခြံကို လာရောက် လည်ပတ်သူများသည် လိမ္မော်သီးများအား ကိုယ်တိုင်ခူးဆွတ်ရသည့် အရသာ ၊ အေးမြလှသည့် ရာသီဥတုကို ခံစားကာ သဘာဝပတ်ဝန်းကျင် အလှအပကို ခံစားရသည့် အရသာများအပြင် လိမ္မော်သီး စိုက်ပျိုးရေး အကြောင်း ဗဟုသုတများ ရရှိပေသည်။

 

အိမို့မို့ခိုင်