ရန်ကုန်  ၁၄  ဧပြီ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဧပြီ ၁၀ ရက်မှ ၁၉ ရက်အထိ ၁၀ ရက်တာတွင် မိမိတို့နေအိမ်အတွင်း နေထိုင်ခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး၌ ပူးပေါင်းပါဝင်ပေးနိုင်ရန် မေတ္တာရပ်ခံထားရာ ယင်းကာလ၌ ရန်ကုန်တိုင်းဒေသကြီးတွင် ခရီးသွားလျော့နည်းလာသော်လည်း YRTA မှ ယာဉ်များ ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

သင်္ကြန်ကာလတွင် ပုံမှန်အားဖြင့် YRTA ယာဉ်လိုင်းများ လျှော့ချပြေးဆွဲလေ့ ရှိပြီး အဝေးပြေးယာဉ်များလည်း ရပ်နားလေ့ရှိရာ ယခုနှစ်တွင် ၁၀ ရက်အတွင်း ယာဉ်လိုင်း ၈၃ လိုင်းမှ ယာဉ်အစီးရေ ၁၀၈၆ စီး ကနဦး ပြေးဆွဲပေးခဲ့၍ ကိုဗစ်၁၉ စတင်ဖြစ်ပွားချိန်တွင် ရန်ကုန်မြို့တွင်း ခရီးသွားလာမှု တဖြည်းဖြည်း လျော့ကျလာမှုကြောင့် ယာဉ်လိုင်းများ ပြေးဆွဲမှုကိုလည်း လျှော့ချခဲ့ကြောင်း၊ WHO မှ ကမ္ဘာ့ကပ်ရောဂါအဖြစ် မတ် ၁၃ ရက်တွင် ကြေညာပြီးနောက် လူစုလူဝေး ရှောင်ကြဉ်ရန်နှင့် လူဦးရေကန့်သတ်မှုကြောင့် ခရီးသွားလာမှု ပို၍ကျဆင်းခဲ့ပြီး YRTA အနေဖြင့် ယာဉ်များ စီမံခန့်ခွဲစရိတ် မရသည့်အခြေ အနေဖြင့် ကြုံခဲ့ရကြောင်း သိရသည်။

“ကိုဗစ်-၁၉ ရောဂါ သက်ရောက်မှုရှိခဲ့ချိန်မှာ အချို့ယာဉ်ကြီးတွေဆိုရင် တစ်ရက်ငွေကျပ် ခုနစ်ထောင်ကနေ ကိုးထောင်စိုက်ပြီး ပြေးဆွဲပေးတာတွေရှိတယ်။ ခရီးသွားကျဆင်းမှုနဲ့ညီမျှတဲ့ ယာဉ်အစီးရေနဲ့ပဲ ပြေးဆွဲပေး ခဲ့တယ်။ YRTA က တစ်ရက်ကို စီမံခန့်ခွဲမှုစရိတ်ငွေကျပ်လေးထောင် ပေးသွင်းနေရတာကို မတ် ၁၆ ရက်ကနေ ဧပြီ ၃၀ ရက်အထိ ဆိုင်းငံ့ထားခဲ့တာဟာ ကုမ္ပဏီတွေကို ပံ့ပိုးခြင်း ဖြစ်ပါတယ်။ Home stay ဖြစ်တဲ့ ၁ဝ ရက်တာကာလအတွင်းမှာ ပြေးဆွဲနေတဲ့ယာဉ်များဟာ တကယ့်အခက်အခဲကြားက ပြေးဆွဲနေရတာဖြစ်ပြီး YRTA နဲ့ ပြေးဆွဲရေးမှာ ပါဝင်တဲ့သတင်းပို့ထားတဲ့ ယာဉ်တွေကို ပံ့ပိုးတဲ့အနေနဲ့ CNG ယာဉ်များကို YRTA ကဆီ စိုက်ထုတ်ပေးပါ့မယ်။ Home stay ကာလအတွင်းမှာ ခရီးသွားမှုနည်းလာတာနဲ့အညီ ယာဉ်အစီးရေလည်း လျော့လာနိုင်မယ်လို့ ခန့်မှန်းထားပါတယ်” ဟု YRTA မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။

Home stay ၁ဝ ရက်တွင် ရန်ကုန်မြို့၌ ယာဉ်အစီးရေ ၁၈၀၆ စီး ပြေးဆွဲရန် တင်ပြထားပြီး ခရီးသွား နည်းပါးခြင်းကြောင့် အစီးရေ ၈၀၀ ခန့်သာ ပြေးဆွဲခဲ့ရာ ယခုကဲ့သို့ ခက်ခဲ့သော အချိန်ကာလတွင် YRTA ၌ မှတ်ပုံတင်ထားသော ယာဉ်လိုင်းများမှ ယာဉ်မောင်းတစ်ဦးလျှင် ဆန် ရှစ်ပြည်၊ ဆီ တစ်ပိဿာကို ပံ့ပိုးပေးလျက်ရှိကြောင်း၊ ယမန်နေ့က ရန်ကုန်မြို့၌ ယာဉ်အစီးရေ ၈၅၀ ပြေးဆွဲရာတွင် ခရီးသွားပြည်သူခြောက်သောင်းခန့်သာ စီးနင်းသောကြောင့် ခရီးသွားနည်းလာသည်နှင့်အညီ ယာဉ်ပြေးဆွဲမှု လျော့နည်းလာဖွယ်ရှိကြောင်း သိရသည်။

ယခုကာလတွင် YRTA အနေဖြင့် စောင့်ကြည့်ရက်ပြည့်၍ ပြန်မည့်သူများကို ကားလက်မှတ်၊ ရထားလက်မှတ် ရရှိရန်၊ စုပေါင်း၍ ကားငှားပြန်မည့် အစီအစဉ်များကို ဆောင်ရွက်ပေးခြင်း၊ အများပြည်သူအား သယ်ယူပို့ဆောင် ပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးတွင် စွမ်းစွမ်းတမံ ဆောင်ရွက်နေသော ကျန်းမာရေးဝန်ထမ်းများ၏ စားသောက်ရေး၊ သွားလာရေး၊ နေထိုင်ရေးကဏ္ဍ၊ အခြေခံပြည်သူတို့ထံ စားသောက်ကုန်ထောက်ပံ့မှုနှင့် ဖောင်ကြီးတွင် ဆေးရုံတည်ဆောက်ရေး၌ ပို့ဆောင်ရေးကဏ္ဍတို့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရမှ ဖွဲ့ထားသော ထောက်ပံ့ရေးအဖွဲ့၌ YRTA အနေဖြင့် ပူးပေါင်းပါဝင်လျက်ရှိပြီး ခရီးသွားလျော့နည်းလာသော်လည်း ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်လိုင်းများ ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

သန်းထိုက်