ခရီးသွားနှင့် ရင်းနှီးမြှုပ်နှံမှုပွဲတော်ကို ကော့သောင်းမြို့တွင် ကျင်းပရန် ဆောင်ရွက်ထား

နေပြည်တော် ၁၂ ဖေဖော်ဝါရီ

 


ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် ယမန်နေ့ နံနက် ၉ နာရီတွင်ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်၌ Abercrombie &Kent Travel and Tours ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ တနင်္သာရီတိုင်းဒေသကြီးသို့ဝင်ရောက်မည့်အပျော်စီးသင်္ဘောခရီးစဉ်နှင့်စပ်လျဉ်း၍ လိုအပ်သည်များညှိနှိုင်းဆွေးနွေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါဟိုတယ်၌ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ တွင်ကျင်းပမည့် ခရီးသွားနှင့် ရင်းနှီးမြှုပ်နှံမှုပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက တနင်္သာရီတိုင်းဒေသကြီးသည် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလားအလာကောင်းများရှိသည့် တိုင်းဒေသကြီးဖြစ်ပြီး တနင်္သာရီဒေသသို့ ခရီးသည်ဝင်ရောက်မှုမှာလည်း နှစ်စဉ်တိုးတက်များပြားလျက်ရှိကြောင်း၊ ခရီးသွားလုပ်ငန်းနှင့် ပတ်သက်သည့် စီမံကိန်း၊စီမံချက်များရေးဆွဲရာတွင် ရေတိုထက်ရေရှည်အကျိုးကိုတွက်ဆ၍ ရေးဆွဲအကောင်အထည်ဖော်ရန် လိုအပ်ကြောင်း။

 

တနင်္သာရီတိုင်းဒေသကြီးသို့ ပင်လယ်ကူးအပျော်စီးသင်္ဘောများ ဝင်ရောက်ရာတွင် ပင်လယ်ပြင် ရေအောက် သန္တာကျောက်တန်းများအပါအဝင် သဘာဝဂေဟစနစ် မပျက်စီးစေရန်အတွက်လည်း သက်ဆိုင်သည့်ဌာနများ၊ ပညာရှင်များနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့က ပူးပေါင်း၍ လိုအပ်သော အစီအမံများချမှတ်ခြင်း၊ အကြံပြုခြင်းများ ဆောင်ရွက်ပေးစေလိုကြောင်း၊ စီမံချက်၊ စီမံကိန်းများ ရေးဆွဲဆောင်ရွက်ရာတွင်လည်း ဒေသခံပြည်သူလူထု၏ ဆန္ဒနှင့်သဘောထားကိုလည်း အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စီမံကိန်းများ မပြီးစီးမီကာလတွင်ဒေသခံများအတွက် အလျင်အမြန် အကျိုးရှိစေမည့် ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းနှင့် အခြားအကောင်အထည်ဖော်နိုင်သည့် ခရီးသွားလုပ်ငန်းများကို လုပ်ဆောင်ကြရန်ဖြစ်ပြီး Aquarium Museum ကဲ့သို့ ငါးပြတိုက်၊ အဏ္ဏဝါပြခန်းများကိုလည်း တည်ထောင်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း။

 

ယခုကျင်းပမည့် ခရီးသွားနှင့် ရင်းနှီးမြှုပ်နှံမှုပွဲတော်တွင် ပညာရှင်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများကိုဖိတ်ကြားရန် အကြံပြုပါကြောင်း၊ ဆွေးနွေးပွဲများ၌ အဏ္ဏဝါသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းဆောင်ရွက်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုနှင့်ဆိုင်သော အခွင့်အလမ်းများဖော်ထုတ်ခြင်းတို့ကို ပါဝင်စေလိုကြောင်း၊ ပင်လယ်ရေပြင်၊ ကျွန်းများ၊ သဘာဝသန္တာကျောက်တန်းများနှင့် ဆလုံလူမျိုးတို့၏ ရိုးရာဓလေ့များ မပျောက်ဆုံးအောင် ဝိုင်းဝန်းထိန်းသိမ်းရန်လိုအပ်ကြောင်း၊ Marina Bay ကဲ့သို့ဆိပ်ကမ်းများ ဆောက်လုပ်ဆိုက်ကပ်စေပြီး နိုင်ငံသားပိုင် Board များဖြင့် လည်ပတ်စေခြင်းတို့ ဆောင်ရွက်သင့်ကြောင်း၊ တနင်္သာရီဒေသကို ပင်လယ်ရေအောက် လေ့လာရေးဆောင်ရွက်နိုင်သော ဒေသအဖြစ် ဖော်ထုတ်သင့်ကြောင်း ပြောကြားသည်။

 

ထို့နောက် တနင်္သာရီတိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်က ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ဖြေလျှော့ရန် လိုအပ်မှုများကို ဖြေလျှော့ပေးခဲ့ပြီး ထပ်မံဆောင်ရွက်ပေးရန် လိုအပ်ပါကလည်း စိစစ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ဒေသခံပြည်သူများအတွက်လည်း ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်သည့် အလုပ်အကိုင်များ ဖန်တီးဆောင်ရွက်ပေးလိုကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် ပထမဆုံးပြုလုပ်မည့် ယခုပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်မှုများကို အားလုံးပူးပေါင်းပါဝင် ပံ့ပိုးပေးကြပါရန် ပြောကြားသည်။

 

ယင်းနောက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန အမြဲတန်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များက လိုအပ်သည်များကို ဆွေးနွေးတင်ပြကြသည်။

 

ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးပြီး ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

အဆိုပါ ခရီးသွားနှင့် ရင်းနှီးမြှုပ်နှံမှုပွဲတော်ကို တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့တွင် မတ် ၂၄ရက်မှ ၂၅ ရက်အထိ ပြုလုပ်သွားရန် လျာထားဆောင်ရွက်နေပြီး အဆိုပါ ပွဲတော်ကာလအတွင်းတွင် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့်ပြခန်းများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများနှင့်သက်ဆိုင်သည့် ပြခန်း များကို ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များက ပြသသွားမည်ဖြစ်သည့်အပြင် ဆွေးနွေးပွဲများ၊ တေးဂီတ ဖျော်ဖြေပွဲများ၊ ရိုးရာယဉ်ကျေးမှု အကအလှများကိုပါ ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ဗိုလ်ဆွန်ပက်လမ်းတွင် ဖွင့်လှစ်ထားသည့် ဧည့်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းကျောင်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

 


(သတင်းစဉ်)