အပန်းဖြေရန်အတွက်၊ ပျော်ရွှင်မှုအတွက်၊ လုပ်ငန်းကိုင်ငန်း စီးပွားရေးအတွက် စသည်ဖြင့် ကမ္ဘာအနှံ့ ခရီးသွားလာကြခြင်းကို အကြောင်းပြု၍ ခရီးသွားလုပ်ငန်းများ ပေါ်ပေါက်လာသည်။ ခရီးသွားလုပ်ငန်းသည် နိုင်ငံခြားဝင်ငွေရှာဖွေနိုင်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်း၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်၍ အခြားလုပ်ငန်းများကိုပါ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဖွံ့ဖြိုးတိုးတက်လာစေခြင်း စသည်ဖြင့် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်သည်။
ခရီးသွားလုပ်ငန်းသည် ကမ္ဘာပေါ်တွင် တတိယမြောက် ဝင်ငွေအများဆုံး ရှာဖွေပေးနေသည့် လုပ်ငန်းဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ ဂျီဒီပီ၏ ၁၀ ဒသမ ၃ ရာခိုင်နှုန်းကို ခရီးသွားလုပ်ငန်းက ဖန်တီးပေးလျက်ရှိရာတွင် သဘာဝ သယံဇာတများ ကုန်ခန်းသွားခြင်းမရှိဘဲ ဝင်ငွေများများရရှိနိုင်ခြင်းကြောင့် ကမ္ဘာ့ဖွံ့ဖြိုးဆဲ နိုင်ငံများကရော ဖွံ့ဖြိုးပြီးနိုင်ငံများကပါ ခရီးသွားလုပ်ငန်းကို အလေးထားလုပ်ကိုင်ကြသည်။ ၎င်းတို့နိုင်ငံများရှိ ခရီးသွား လုပ်ငန်းဆွဲဆောင်မှုများကို နိုင်ငံတကာခရီးသွားများ စိတ်ဝင်စားသိရှိလာစေရန် မီဒီယာနည်းလမ်းမျိုးစုံဖြင့် ဈေးကွက်မြှင့်တင် ကြသည်။ ၂၀၁၉ ခုနှစ်နှောင်းပိုင်းတွင် ဖြစ်ပေါ်ခဲ့သည့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာ့နိုင်ငံအားလုံးတို့တွင် ခရီးသွားလုပ်ငန်းများ အကြီးအကျယ်ထိခိုက်ခဲ့ရသည်။ ကပ်ရောဂါပျံ့နှံ့မှုအရှိန် မြင့်တက်နေစဉ်ကာလအတွင်း ခရီးသွားလာမှုများ ကန့်သတ်ထားပြီး မြို့ရွာများ လော့ဒေါင်းချခံရသဖြင့် ခြေချုပ်ကျသကဲ့သို့ ခံစားခဲ့ကြရသော ကမ္ဘာ့လူသားသန်းပေါင်းများစွာတို့မှာ ကိုဗစ်- ၁၉ ရောဂါကို စတင်ထိန်းချုပ်လာနိုင်သည့်အချိန်တွင် ကမ္ဘာအနှံ့ခရီးလှည့်လည် ခြေဆန့်ကြရန် စိတ်အားထက်သန် လာကြသည်။ ကိုဗစ်-၁၉ အလွန် နိုင်ငံများစွာတို့တွင် အခြားစီးပွားရေးလုပ်ငန်း များထက် ခရီးသွားလုပ်ငန်းက လျင်လျင်မြန်မြန် နာလန်ထလာ နိုင်ကြသည်။
မိမိတို့နိုင်ငံသည် ခရီးသွားလုပ်ငန်းအမျိုးမျိုးလုပ်ကိုင်ရန်အတွက် အရင်းအမြစ်ကောင်းများစွာ ပိုင်ဆိုင်ထားသည့် နိုင်ငံဖြစ်သည်။ တိုင်းရင်းသားလူမျိုးများစွာတို့၏ အသွေးအရောင် များပြားစုံလင်လှစွာသော ယဉ်ကျေးမှုများ၊ ကွဲပြားခြားနားသည့် မြင်ကွင်းများနှင့် သဘာဝရေမြေတောတောင်များ၊ ရှေးဟောင်း အမွေအနှစ်များနှင့် ယဉ်ကျေးမှုဓလေ့စရိုက်များ စသည်ဖြင့် ပြည်တွင်းပြည်ပခရီးသွားများ လည်ပတ်စရာ ခရီးစဉ်ဒေသများစွာ ရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်က ပြည်ပခရီးသွားဧည့်သည် တစ်သန်းကျော် မြန်မာနိုင်ငံသို့ဝင်ရောက်ခဲ့ကြပြီး ယခုနှစ် ပထမ ငါးလအတွင်း ခရီးသွားငါးသိန်းကျော် ဝင်ရောက်ခဲ့ရာ ယခင်နှစ်ကထက် ခရီးသည်ပိုမို ဝင်ရောက်လာနိုင်သည့် အခြေအနေပင် ဖြစ်သည်။ အကယ်၍သာ နိုင်ငံတစ်ဝန်း အေးချမ်းသာယာမည်၊ လုံခြုံမှု တည်ငြိမ်မှု အပြည့်အဝရရှိမည်ဆိုပါက ယင်းထက်အဆများစွာ ဝင်ရောက်လာကြမည်၊ ခရီးစဉ်ဒေသများတွင် ခရီး သွားဧည့်သည်များ စည်ကား၍ ဒေသခံပြည်သူများ အလုပ်အကိုင် စီးပွားပွင့်လန်းကြမည်ဟု မျှော်လင့်နိုင်သည်။ ခရီးသွားလုပ်ငန်းများ အောင်မြင်မှုမှတစ်ဆင့် ဒေသများ လျင်လျင်မြန်မြန် ပိုမိုဖွံ့ဖြိုးလာနိုင်မည်လည်းဖြစ်သည်။ လက်ရှိအခြေအနေတွင် တည်ငြိမ်အေးချမ်းမှုမရှိသည့်ဒေသများ၊ ငြိမ်းချမ်းရေး မတည်ဆောက်နိုင်သည့်ဒေသများမှာ ခရီးသွားလုပ်ငန်းသည် မျှော်လင့်၍မရသေးသည့် အနေအထားပင် ဖြစ်သည်။
၂၀၂၄ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်း အနားတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကား ပြောကြားခဲ့ရာ “ဝန်ကြီးဌာနနှင့် ခရီးသွားအဖွဲ့အစည်းများအနေ ဖြင့် ခရီးသွားလုပ်ငန်းကို မြှင့်တင်ဆောင်ရွက်ခြင်းနှင့် ခရီးသွား လုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များ ဖြန့်ဝေရာတွင် မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများသည် လုံခြုံစိတ်ချဘေးအန္တရာယ်ကင်းစွာ သွားလာလည်ပတ်နိုင်သည့် ပကတိအခြေအနေမှန်များကို ခရီးသွား ဧည့်သည်များထံ အချိန်တိုတိုအတွင်း ထိထိရောက်ရောက် သိရှိစေမည့်နည်းလမ်းများကို အသုံးပြုဆောင်ရွက် ကြရန်လိုအပ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။ ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လာပြီး ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသည့် စီးပွားရေးလုပ်ငန်းများ ပွင့်လန်းလာသည်နှင့်အမျှ ဒေသစီးပွား၊ နိုင်ငံ့စီးပွားမြင့်မားမှုကို အထောက်အကူပြုနိုင်မည် ဖြစ်ရာဒေသများ တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ခရီးသွားဧည့်သည်များ ပိုမိုလာရောက် လည်ပတ်ကြရေး အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြ ရပါမည့်အကြောင်း။
မြန်မာ့အလင်း