ဆီဆိုင် ၆ ဧပြီ
ကိုရိုနာဗိုင်းရပ်စ်ရောဂါ(ကိုဗစ်-၁၉)ကူးစက်ပြန့်ပွားလားခြင်း မရှိစေရေးအတွက် နေ့စဉ်အရှိန် အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၌ ဧပြီ ၆ ရက် နံနက် ၉ နာရီက ဆီဆိုင်မြို့အဝင်ပေါက်တွင် ခရီးသွားပြည်သူများနှင့် ကျန်းမာရေးစောင့်ရှောက်မှုခံယူနေသည့် နေရပ်ပြန်ပြည်သူများတို့အား ကိုယ်အပူချိန်များ တိုင်းတာ စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေ၊ ဒုတိယဦးစီးမှူး ဦးအောင်မိုးခိုင်၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ အမှုဆောင်ရာရှိ ဦးထန်ဒေါင့်တွန်၊ မြို့နယ်ကျန်းမားရေးဦးစီးဌာန၊ မြို့နယ်ပြန်/ဆက်ဦးစီးဌာန၊ မြို့နယ်လဝကဦးစီးဌာန၊ ကြက်ခြေနီအသင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းအဖွဲ့က မြို့အဝင်ပေါက်တွင် ခရီးသွားပြည်သူများအား အပူချိန်တိုင်းကိရိယာဖြင့် ကိုယ်အပူချိန်များ တိုင်းတာစစ်ဆေးခြင်းနှင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေက ခရီးသွားပြည်သူများအနေဖြင့် လူထူထပ်သောနေရာများ မသွားဖို့၊ အရေးကြီးကိစ္စမှလွဲ၍ အိမ်အပြင်မထွက်ဖို့၊ မဖြစ်မနေထွက်ရပါက Mask တပ်ဖို့ စသည်များကို အသိပညာပေး ရှင်းလင်းပြောကြားပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ကိုဗစ်-၁၉ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်နိုင်ရေးအတွက် ဖွင့်လှစ်ထားရှိသော ကျန်းမာရေးစောင့်ရှောက်မှုစင်တာစခန်း များဖြစ်သည့် အမှတ်(၄)အခြေခံပညာမူလတန်းကျောင်းနှင့် အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းတို့ရှိ ကျန်းမာရေးစောင့်ရှောက်မှုခံယူနေသည့် နေရပ်ပြန်ပြည်သူများတို့အား အပူချိန်တိုင်း ကိရိယာဖြင့် ကိုယ်အပူချိန်များ တိုင်းတာစစ်ဆေးခြင်းနှင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါမဖြစ်ပွား စေရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်တွင် ယနေ့အထိ ပြည်ပမှ ပြန်လည်ရောက်ရှိလာသူ(၇၄၁)ဦးရှိပြီး Home Quarantine ၃၂ ဦး၊ မြို့နယ်အတွင်းရှိ Community Base Facility Quarantine နေရာများတွင် ၅၆၉ ဦးနှင့် ၁၄ ရက်ပြည့်၍ ပြန်လည်စေလွတ်သူဦးရေ ၁၄၀ ဦးရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)


