ခရီးသွားခါနီး ကားလတ်မှတ်သွားဝယ်တဲ့အခါ နောက်ဆုံးခုံပဲရတော့တယ်ဆိုရင် လူတိုင်းစိတ်ညစ်ကြပါတယ်။ နောက်ဆုံးခုံကြီးကလည်းဖြစ်၊  ခုံတန်းကရှည်၊ လူကလည်း ၅ ယောက်လောက်ပူးထိုင်ရဆိုတော့ ကြဉ်းကြပ်တာပေါ့။ ကားမူးတဲ့သူတွေဆို နောက်ဆုံးခုံမှာ ထိုင်စီးရမှာ အသေကြောက်။ နဂို အေးအေး ၂ ယောက်တွဲခုံတွေထိုင်တာတောင် ကိုယ့်မှာ မရှုနိုင် မကယ်နိုင်ဖြစ်နေတာ နောက်ဆုံးခုံမှာသာ ထိုင်စီးလိုက်လို့ကတော့ ဘာပြောကောင်းမလဲ။ တစ်လမ်းလုံး အမူးကမ္ဘာထဲက ထွက်တော့မှာကို မဟုတ်ဘူး။

 

ဘာ့ကြောင့်လဲ ။ အခြားခုံတွေထက် ကားနောက်ဆုံးတန်းက ထိုင်ခုံက ဘာ့ကြောင့် ကားပိုမူးစေရတာလဲ။

 

•    ကားအင်ဂျင်တုံးကြီးက ကိုယ့်အောက်မှာပါ။ – အင်ဂျင်ခန်းဆိုတော့ အပူတွေထွက်မှာကျိန်းသေနေတယ်လေ။ အဲဒီ ပူနေတဲ့အပေါ်မှာကိုယ်က ထိုင်နေတာဆိုတော့ အပူဟပ်ပြီး သက်တောင့်သက်သာ မရှိလိုက်မယ်ဖြစ်ခြင်း။

 

•    စိတ်ကြဉ်းကြပ်တယ် – ကားထွက်ပေါက်တော်တော်များများက ဟိုး ထိပ်ဆုံးမှာလေ။ ကိုယ်စီးနေတဲ့ နေရာက ကားရဲ့ နောက်ဆုံးတန်းဆိုတော့ ထွက်ပေါက်နဲ့အဝေးကြီး၊ ဒီကြားထဲ အမူးပြေ အောင် ရှေ့ကိုကြည်လိုက်ရင် လူတန်းကြီးကိုပဲ မြင်နေရတဲ့အပြင် နောက်ဆုံးခုံဆိုတော့ ၅ယောက်လောက် ပေါင်းထိုင်လိုက်ရသေးတယ်။ ဒီတော့ ကြပ်ညက် စိတ်အိုက်ပြီး ကားပိုမူးတော့တာပေါ့။

 

•    ကားဘီးအပေါ်တည့်တည့်မှာရောက်နေတယ်- လမ်းသွားလို့ ကားက ချိုင့်ထဲများ မကျလိုက်နဲ့။ ကိုယ်ထိုင်နေတဲ့ နောက်ဆုံးခုံက ကားဘီးအပေါ်တည့်တည့်မှာဆိုတော့ လမ်းမညီတဲ့အခါ ချိုင့်ထဲ ကျသွားတဲ့အခါမှာ ဘာပြောကောင်းမလဲ။ ကားမူးလို့ ငြိမ်ငြိမ်လေးနေဖို့ နေနေသာသာ လူက တစ်ချက်တစ်ချက် မြောက်မြောက်သွားလို့ ပျို့ချင် အန်ချင်တဲ့စိတ်ကို ပိုဆွပေးသလိုဖြစ်နေတော့တာပေါ့ ။အဲဒီ အချိန် အစာပြည့်အောင်စားထားလို့ကတော့ ခုန်တဲ့အရှိန် မူးတဲ့အရှိန်နဲ့ အကုန်ပြန်ထွက်မှာ အသေအချာပဲ။

 

•    ကားနောက်ပိုင်းက ပိုခါနေတတ်ပါတယ်။ – လမ်းသွားတဲ့အခါ ကားရှေ့ပိုင်း ဦးဆောင်တဲ့နောက်ကို ကားနောက်ပိုင်းက လိုက်ရတာဖြစ်တဲ့အတွက် ရှေ့ပိုင်းက ဝှေ့လိုက် စောင်းလိုက် ကွေ့လိုက် ကောက်လိုက် လုပ်လိုက်တဲ့အခါ ကားနောက်ပိုင်း ခါယမ်းနေတတ်ပါတယ်။ ဒီလိုနဲ့ နောက်ဆုံးတန်းမှာစီးနေတဲ့ ကားမူးတတ်တဲ့ကိုယ့်ကို ပျို့ချင်အောင် ဆွပေးနေသလိုဖြစ်နေပါလိမ့်မယ်။

 

•    ထိန်းစရာလက်တန်းနဲ့ မှီစရာနေရာကလည်း မရှိ – နောက်ဆုံးတန်း ၅ ယောက်ထိုင်ရတဲ့အထဲမှာမှ ကိုယ်က အလယ် ၃ ယောက်မြောက်နေရာသာရလို့ကတော့ ကိုယ့်လောက်ကံဆိုးတဲ့သူ မရှိတော့ပါဘူ။ မူးနေတဲ့အချိန် မှီစရာလက်တန်းကလည်း မရှိ၊ ကားခုန်နေ ခါနေတဲ့အချိန် ထိန်းစရာလက်တန်းကလည်း မရှိ၊ လူကလည်း ကြပ် ဆိုတော့ ကားမူးပြီး ခေါင်းထဲနောက်ကျိနေမှာ ကျိန်းသေပဲ။

 

•    ရှုခင်းကြည့်ဖို့ဆိုတာ ဝေလာဝေး – ကားမူးတတ်တဲ့အချိန်လေး စိတ်အပြောင်းအလဲဖြစ်အောင် ဘေးက ပတ်ဝန်းကျင်ကို ကြည့်ပေးရတယ်မလား။ ခက်တာက ကိုယ်က နောက်ဆုံးတန်းမှာဆိုတော့ ပတ်ဝန်းကျင်က ရှုခင်းတွေအစား ကြပ်ညက်နေတဲ့ လူတွေကိုပဲ မြင်ရတော့မှာလေ။ ပြတင်းပေါက်ကလည်း ကိုယ့်အနားမှာ မရှိဘူးမလား ။ ။

 


ရေးသားသူ Dr. Thin Yadanar @ Frances ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”