မြိတ်  ၃  သြဂုတ်  


ရန်ကုန်-မြိတ်-ဘုတ်ပြင်း ခရီးစဉ်အဖြစ် ပျံသန်းလာသည့် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ  လေယာဉ်သည် မြိတ်လေဆိပ်သို့ သြဂုတ်လ(၃)ရက် နံနက်(၉)နာရီခန့်တွင် ပျံသန်းရောက်ရှိလာခဲ့ပြီး လေယာဉ် အရှေ့ ယာဘက်လေကာမှန်အက်သဖြင့် လေဆိပ်တွင်ရပ်နားကာ မြန်မာအမျိုးသားလေကြောင်းလိုင်းမှ အင်ဂျင်နီယာများက ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


အဆိုပါ လေယာဉ်ကို လေယာဉ်မှူး ဦးနေမျိုးထွဋ် မောင်းနှင်လာပြီး ခရီးသည် ကျား(၇)ဦး၊ မ(၆)ဦး စုစုပေါင်း(၁၃)ဦးနှင့် လေယာဉ်ဝန်ထမ်း(၅)ဦး စီးနင်းလိုက်ပါလာခဲ့သော လေယာဉ်အမှတ် XY AMJ ခရီးစဉ် အမှတ် UB 337/338 မြန်မာအမျိုးသားလေကြောင်းလိုင်း လေယာဉ်ဖြစ်ကြောင်း သိရသည်။


လေယာဉ် လေကာမှန်အက်ရခြင်းမှာ လေကာမှန်အတွင်းရှိ မှန်အပူပေးသည့် ဝါယာရှော့ဖြစ်၍ မှန်အက်ရခြင်းဖြစ်ကြောင်း လေယာဉ်မှူး ဦးနေမျိုးထွဋ် ထံမှ သိရသည်။ ၎င်းလေယာဉ်ကို မြန်မာ့အမျိုးသား လေကြောင်းလိုင်းမှ အင်ဂျင်နီယာများမှ ပြုပြင်ဆောင်ရွက်လျက်ရှိပြီး မြိတ်လေဆိပ်၌ ညအိပ်ရပ်နားကာ သြဂုတ် လ(၄)ရက် နံနက်တွင် ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း မြန်မာ့အမျိုးသားလေကြောင်းလိုင်းမှ သိရသည်။


သြဂုတ် ၂ ရက်နေ့ကလည်း မြစ်ကြီးနား-မန္တလေး-ရန်ကုန် ခရီးစဉ်ပြေးဆွဲသည့် Golden Myanmar Airline ပိုင် XY-AJM အမျိုးအစား လေယာဉ်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ဆင်းသက်စဉ် လေယာဉ်ရှေ့ဘီးကျိုးကျမှုဖြစ်ပွားခဲ့သည်။


ခိုင်ထူး ( မြိတ် ပြန်/ဆက် )