ရန်ကုန် ၆ ဒီဇင်ဘာ 

 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏  ကြီးကြပ်မှု၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် ၂၀၁၈ ခုနှစ်  ဇန်နဝါရီလမှ နိုဝင်ဘာလ အတွင်း ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘောကြီးများ  ဝင်ရောက်မှုမှာ အမေရိကန်နိုင်ငံမှ  ၁၂ စီး၊ ဂျာမနီနိုင်ငံမှ  ၂ စီး၊ ဗြိတိန်နိုင်ငံမှ  ၁ စီးနှင့် ဂျပန်နိုင်ငံမှ ၂ စီး၊ စုစုပေါင်း ၁၇ စီး ရန်ကုန်ဆိပ်ကမ်းသို့ ဝင်ရောက်ခဲ့ကြောင်း သိရသည်။

 

 

ယခုတစ်ဖန် ၂၀၁၈ ခုနှစ်အတွက် ၁၈ စီးမြောက် အပျော်စီးသင်္ဘောကြီးဖြစ်သည့် အမေရိကန်အခြေစိုက် Silver Muse သင်္ဘောသည် ရန်ကုန် သီလဝါဆိပ်ကမ်းသို့ ဒုတိယအကြိမ်အဖြစ် ယနေ့တွင် ရောက်ရှိလာသည်။

 

အဆိုပါသင်္ဘောကြီးပေါ်တွင် သြစတြေးလျနှင့် အမေရိကန်လူမျိုး အများဆုံး ပါဝင်သည့် ခရီးသည်  ၄၂၅ ဦးနှင့် သင်္ဘောအမှုထမ်း၊ အရာထမ်း ၄၀၄ ဦး  ပါရှိပြီး ၎င်းသင်္ဘောသည် ထိုင်းနိုင်ငံ ဖူးခက်ဆိပ်ကမ်းမှတစ်ဆင့် ရောက်ရှိလာခြင်းဖြစ်ကြောင်း၊  ဒီဇင်ဘာ ၈ ရက်တွင် မလေးရှားနိုင်ငံ လန်ကာဝီဆိပ်ကမ်းသို့ ဆက်လက် ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

 

ယခုဆိုက်ရောက်မည့် Silver Muse သင်္ဘော၏ ခရီးစဉ်လည်ပတ်မှုကို  Myanmar Voyages ခရီးသွားကုမ္ပဏီက တာဝန်ယူဆောင်ရွက်လျှက် ရှိပြီး Port Agent အနေဖြင့် Wallen Shipping Company က  ဆောင်ရွက်လျှက်ရှိသည်။  

 

 

၂၀၁၉ ခုနှစ်အတွင်း အပျော်စီးသင်္ဘော ၁၆ စီးခန့် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိရန် ရှိကြောင်း၊  မြန်မာနိုင်ငံ တောင်ပိုင်းမြိတ်ကျွန်းစုနှင့် ပင်လယ်ကမ်းခြေ ဒေသများသို့လည်း Mega Cruise အပျော်စီးသင်္ဘောကြီးများ ပိုမိုလာရောက်ရန် ရှိကြောင်း  သတင်းရရှိသည်။

 

(သတင်းစဉ်)