ရန်ကုန် ၂ နိုဝင်ဘာ
အမေရိကန်နိုင်ငံအခြေစိုက် Silver Muse အပျော်စီး ကမ္ဘာလှည့်ခရီးသည်တင် သင်္ဘောကြီးသည် ရန်ကုန်သီလဝါ ဆိပ်ကမ်းသို့ နိုဝင်ဘာ ၂ ရက် နံနက်ပိုင်းတွင် ရောက်ရှိပြီး နိုဝင်ဘာ ၄ ရက်အထိ နေထိုင်လည်ပတ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်္ဘောကြီးပေါ်တွင် အင်္ဂလန်နှင့် အမေရိကန်နိုင်ငံသား အများဆုံးပါဝင်ပြီး ခရီးသည် ၄၈၆ ဦးနှင့် သင်္ဘောအမှုထမ်း၊ အရာထမ်း ၄၀၄ ဦးလိုက်ပါလာကြောင်း သိရသည်။ ယင်းသင်္ဘောသည် အိန္ဒိယနိုင်ငံ ကိုလန်ဘိုဆိပ်ကမ်းမှ ထွက်ခွာလာခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှတစ်ဆင့် ထိုင်းနိုင်ငံ ဖူးခက်ဆိပ်ကမ်းသို့ ဆက်လက် ထွက်ခွာမည် ဖြစ်သည်။

ယခုဆိုက်ရောက်သည့် Silver Muse သင်္ဘော၏ ခရီးစဉ်လည်ပတ်မှုကို Myanmar Voyages Company က တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ပြီး Port Agent အနေဖြင့် Wallen Shipping Company က ဆောင်ရွက်မည်ဖြစ်သည်။
၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်း ရန်ကုန်ဆိပ်ကမ်းသို့ အမေရိကန်နိုင်ငံမှ အပျော်စီးသင်္ဘော ၇ စီး၊ ဂျာမနီနိုင်ငံမှ နှစ်စီး၊ ဗြိတိန်နိုင်ငံမှ တစ်စီးနှင့် ဂျပန်နိုင်ငံမှ နှစ်စီး စုစုပေါင်း ၁၂ စီး လာရောက်ခဲ့ကြောင်း နှင့် Silver Muse သင်္ဘောသည် ယခု ပွင့်လင်းရာသီအတွက် ပထမဆုံးလာရောက်သည့် အပျော်စီးသင်္ဘောဖြစ်ကြောင်း သိရှိရသည်။
(သတင်းစဉ်)
