ရန်ကုန် ၁၉ နိုဝင်ဘာ
ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘောကြီးများ လာရောက်မှုအနေဖြင့် ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းဖြစ်သော ဇန်နဝါရီလမှ ဧပြီလအတွင်း အမေရိကန်နိုင်ငံမှ (၇)စီး၊ ဂျာမနီနိုင်ငံမှ (၂)စီး၊ ဗြိတိန်နိုင်ငံမှ (၁)စီး နှင့် ဂျပန်နိုင်ငံမှ (၂)စီး စုစုပေါင်း(၁၂)စီး ရန်ကုန်ဆိပ်ကမ်းသို့ လာရောက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ယခုတစ်ဖန် ပွင့်လင်းရာသီအတွက် ဒုတိယအပျော်စီးသင်္ဘောကြီးဖြစ်သည့် အမေရိကန် နိုင်ငံအခြေစိုက် Royal Caribbean Cruises Ltd; လက်အောက်ရှိ Azamara Club Cruises မှ Ms.Azamara Quest သင်္ဘောသည် ရန်ကုန်သီလဝါဆိပ်ကမ်းသို့ နိုဝင်ဘာ ၁၈ ရက်တွင် ရောက်ရှိလာသည်။ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၏ ပံ့ပိုး ကူညီမှုဖြင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနအောက်ရှိ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၏ ကြိီးကြပ်မှုဖြင့် ရန်ကုန်ဆိပ်ကမ်းသို့ နိုဝင်ဘာ ၁၈ ရက် ညဉ့်နက်ပိုင်းတွင် ဝင်ရောက် ဆိုက်ကပ်နိုုင်ခဲ့ကြောင်း သိရသည်။ Myanmar Voyages ခရီးသွား ကုမ္ပဏီအစီအစဉ်ဖြင့် လာရောက်သော အဆိုပါသင်္ဘောကြီးပေါ်တွင် ဗြိတိန်နှင့် အမေရိကန်နိုင်ငံသား အများဆုံးပါဝင်သည်။

သင်္ဘောတွင် ခရီးသည် ၆၀၈ ဦးနှင့် သင်္ဘော အမှုထမ်း ၃၉၁ ဦး လိုက်ပါလာခဲ့ပြီး သင်္ဘောသည် သိရိလင်္ကာနိုင်ငံ ဟန်ဘန်ဆိပ်ကမ်းမှ ထွက်ခွာလာကာ မြန်မာနိုင်ငံမှ တဆင့် နိုဝင်ဘာ ၂၁ ရက်တွင် ထိုင်းနိုင်ငံ ဖူခက်ဆိပ်ကမ်းသို့ ဆက်လက် ထွက်ခွာမည် ဖြစ်သည်။
သင်္ဘောဆိုက်ကပ်စဉ်အတွင်း မြန်မာနိုင်ငံရှိ ထင်ရှားသော နေရာများဖြစ်သည့် ပုဂံနှင့် အင်းလေးဒေသသို့လည်းကောင်း၊ သံလျင်ကျောက်တန်း၊ ပဲခူးမြို့နှင့် ရန်ကုန်မြို့ တွင်းသို့လည်းကောင်း လည်ပတ် သွားရောက်မည်ဖြစ်သည်။ ယခုဆိုက်ရောက်မည့် Ms.Azamara Quest သည် Myanmar Voyages အနေဖြင့် ၁၂၅ စီးမြောက် စီစဉ်ဆောင်ရွက်ပေးရသော သင်္ဘောဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)