ခရီးသည်လိုက်ပါပျံသန်းနိုင်တဲ့ မောင်းသူမဲ့ လေယာဉ်ငယ် တရုတ် တီထွင်

တရုတ် ၈ ဖေဖော်ဝါရီ

 

ခရီးသည်လိုက်ပါပျံသန်းနိုင်တဲ့ မောင်းသူမဲ့ လေယာဉ်တစ်စင်းကို တရုတ် ဒရုန်းတီထွင်သူတစ်ဦးက အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ကုမ္ပဏီက ထုတ်ပြန်ခဲ့တဲ့ ဗွီဒီယိုဖိုင်မှာ အဆိုပါ လေယာဉ်ငယ်ဟာ လေရဟတ်တွေရဲ့ စွမ်းအားနဲ့ ဒေါင်လိုက်ပျံတက်သွားတာကို တွေ့ရပါတယ်။

 

လေယာဉ်မောင်းသူနေရာမှာ ခရီးသည်တစ်ဦးလိုက်ပါသွားပြီး မြို့တစ်မြို့ပေါ်ကို ဆင်ခြေဖုံး ရပ်ကွက်တွေပေါ်ကနေ ချောမွေ့စွာ ဖြတ်ကျော် ပျံသန်းပြခဲ့တာ ဖြစ်ပါတယ်။

 

ကုမ္ပဏီဟာ ၂၀၁၆ ကတည်းက စမ်းသပ်ပျံသန်းမှုပေါင်း အကြိမ်တစ်ထောင်ကျော် လုပ်ခဲ့တယ်လို့ ထုတ်လုပ်ရေး အင်ဂျင်နီယာတွေက ပြောပါတယ်။ အဆိုပါ လေယာဉ်ငယ်ဟာ တစ်နာရီကို ၁၀ဝ ကီလိုမီတာ အမြန်နှုန်းနဲ့ ၂၃ မိနစ်ကြာပျံသန်းနိုင်ပါတယ်။

 

တရုတ်နည်းပညာကုမ္ပဏီ EHang ရဲ့ အမှုဆောင်အရာရှိချုပ်က “အရေးပေါ် ကယ်ဆယ်ရေးမှာသုံးဖို့ အမြဲတွေးခဲ့ပါတယ်။ ဒါ့အပြင် လူနာတွေကို ဆေးရုံကို ပို့ဆောင်ရာမှာ သုံးနိုင်ဖို့အတွက်ပါ” လို့ ပြောပါတယ်။

 

အဆိုပါကုမ္ပဏီဟာ ယာဉ်ကြောပိတ်ဆို့မှုတွေကို ဖြေရှင်းနိုင်ဖို့ "flying taxi” စီမံကိန်းကို ဒူဘိုင်းနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။

 

ယခုနောက်ပိုင်း ခေတ်သစ်ယာဉ်ပျံတွေ တီထွင်ဖန်တီးနိုင်ဖို့ ကုမ္ပဏီတွေ အပြိုင်အဆိုင် ကြိုးစားလျက်ရှိရာ  ဥရောပအာကာသ လေယာဉ်ကုမ္ပဏီကြီးတွေနဲ့ ဂျပန် တိုယိုတာ တို့လည်း အပါအဝင်ဖြစ်ပါတယ်။

 

ဘာသာပြန် > မိုးမမ

ကိုးကား > အန်အိတ်ချ်ကေ