ရန်ကုန် ၈ ဇွန်

 

စီးပွားရေးမြို့တော် ရန်ကုန်မြို့သို့ ဝင်ထွက်သွားလာရာတွင် အဓိက ဝင်ပေါက်တစ်ခုဖြစ်သည့် ရန်ကုန် (ပန်းဆိုးတန်း-ဒလ) သင်္ဘောဆိပ်ကမ်း၌ ဒလမြို့နယ် ဒေသခံပြည်သူများအပါအဝင် တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း မြို့နယ်များနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရဟန်း၊ သံဃာတော်များ၊ သီလရှင်များနှင့် အနယ်နယ်အရပ်ရပ်က ခရီးသွားပြည်သူများ၊ လုပ်သားပြည်သူများစွာတို့ကို မြစ်တွင်းသွား ချယ်ရီသင်္ဘောများဖြင့် ပြေးဆွဲပို့ဆောင်ပေးလျက်ရှိရာ  အဆိုပါ သင်္ဘောဆိပ်ကမ်း၌ ရေယာဉ်ခရီးစဉ်များကို ဇွန် ၇ ရက်တွင် စတင်၍ ခေါက်ရေတိုးပြီး ပြည်သူများ သွားလာရေး အဆင်ပြေချောမွေ့စေရေးအတွက် ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။ 

 

ထိုသို့ပြေးဆွဲပို့ဆောင်ပေးရာတွင် (ပန်းဆိုးတန်း-ဒလ) သင်္ဘောခရီးစဉ်များ အနေဖြင့် ရုံးဖွင့်ရက်များတွင် အသွား ၃၆ ခေါက်၊ အပြန် ၃၆ ခေါက်နှုန်းဖြင့် လည်းကောင်း၊ ရုံးပိတ်ရက်များတွင် အသွား ၃၀ ခေါက်၊ အပြန် ၃၀ ခေါက်နှုန်းဖြင့်လည်းကောင်း၊ ဒလဆိပ်ကမ်းမှ စတင်ထွက်ခွာချိန် နံနက် ၅ နာရီခွဲမှ ည ၈ နာရီအထိနှင့် ပန်းဆိုးတန်းဆိပ်ကမ်းမှ နံနက် ၆ နာရီမှစတင်၍ ည ၈ နာရီခွဲအထိလည်းကောင်း ခရီးသည်များ သွားလာရေး အဆင်ပြေချောမွေ့စေရေးအတွက် သင်္ဘောရေယာဉ် ခရီးစဉ်များကို ပြောင်းလဲသတ်မှတ်၍ ခေါက်ရေတိုး ပြေးဆွဲပေးခြင်းဖြစ်ကြောင်း  ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ) သိရသည်။

 

 


 

 

 

အဆိုပါ သင်္ဘောဆိပ်ကမ်းတွင် ခရီးသည်သွားလာမှုအနေဖြင့် ဇွန်လ ၁ ရက်တွင် ခရီးသည် ၁၀၀၀၀ ဦး၊ ဇွန် ၂ ရက်တွင်  ခရီးသည် ၁၀၂၀၀ ဦး၊ ဇွန်  ၃ ရက်တွင် ၁၀၃၀၀ ဦး၊ ဇွန် ၄ ရက်တွင် ခရီးသည် ၁၀၃၉၀ ဦး၊ ဇွန် ၅ ရက်တွင်  ခရီးသည် ၆၅၀၀ ဦး၊ ဇွန် ၆ ရက်တွင် ခရီးသည် ၆၆၈၀ ဦး၊ ဇွန် ၇ ရက်တွင် ခရီးသည် ၁၀၅၄၀ ဦးတို့ကို သယ်ယူပို့ဆောင်ပေးနိုင်ခဲ့ပြီး ခရီးသည်များ အေးအေးချမ်းချမ်းဖြင့် ပုံမှန်ကူးသန်းသွားလာလျက်ရှိကြောင်း ရန်ကုန် (ပန်းဆိုးတန်းဆိပ်ကမ်း) မန်နေဂျာရုံးမှ သိရသည်။

 

နိုင်လင်းကျော်(IPRD)