ချမ်းအေးသာစံ နိုဝင်ဘာ ၁၁

 

မန္တလေး၊ ချမ်းအေးသာစံမြို့နယ်အတွင်း ခရီးသည်တင် အဝေးပြေးယာဉ်များတွင် ပါဝင်သည့် မီးရထားလိုင်းများ ပြေးဆွဲရာတွင် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များ (Standard Operating Procedure – SOP)နှင့်အညီ ကိုက်ညီမှု ရှိ၊ မရှိ စစ်ဆေးခြင်းကို နိုဝင်ဘာ ၁၁ ရက် နံနက်ပိုင်းမှစတင်ပြီး မန္တလေးဘူတာကြီးတွင် ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ် ရဲတပ်ဖွဲ့မှူး၊ စည်ပင်အမှုဆောင်အရာရှိ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး၊ မြို့နယ် စီမံကိန်းဦးစီးဌာနမှူး၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး၊ မြို့နယ် မီးသတ်ဦးစီးဌာနမှူးတို့မှ အများပြည်သူများ သွားလာလျက်ရှိသော မီးရထားလိုင်းတွင် ခရီးသွားလာခြင်း လက်မှတ်ရောင်းချခြင်းတို့ ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှု ရှိ၊ မရှိကို  ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြသည်။

 

မန္တလေးတိုင်းဒေသကြီးအတွင်း အများပြည်သူများ သွားလာလျက်ရှိသော မော်တော်ယာဉ်လိုင်းများ၊ မီးရထားလိုင်းများနှင့် လေကြောင်းလိုင်းများ လက်မှတ်ရောင်းချရာတွင် ကိုဗစ်-၁၉ ဆေးထိုးပြီးကြောင်း ထောက်ခံချက်များဖြင့် ရောင်းချခြင်း ရှိ၊ မရှိ၊ ထိုင်ခုံနေရာများ ချထားရာတွင် သတ်မှတ်ထားသည့်အတိုင်း အစီအစဉ်တကျ ရောင်းချမှု ရှိ၊ မရှိ၊ နေ့စဉ် ခရီးသွားလာသူဦးရေ၊ ခရီးစဉ်ပေါင်း မည်မျှ ရှိ၊ မရှိနှင့် ခရီးသွားလာခြင်း၊ လက်မှတ်ရောင်းချခြင်းတို့ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည့် စံသတ်မှတ်ချက် (SOP) အတိုင်း ဆောင်ရွက်မှု ရှိ/မရှိကို သက်ဆိုင်ရာဌာနများမှ ပူးပေါင်း၍ ကွင်းဆင်ဆောင်ရွက်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထိပ်ထားနိုင်