ခရီးသည်တင် ကကယာဉ်တစ်စီး ဝိုင်ယာရှော့ဖြစ်၍ မီးလောင်

ဒေးဒရဲ ၁၄  ဖေဖော်ဝါရီ

ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လေးအိမ်ကုန်းကျေးရွာ ဒေးဒရဲ-ဖျာပုံကားလမ်းပေါ်တွင် ဖေဖော်ဝါရီလ ၁၄ ရက် နံနက် ၁၁ နာရီက ခရီးသည်တင် ကက(ကယ်ဒီနာ)ယာဉ်တစ်စီး ကားရှေ့အင်ဂျင်ခန်းထဲမှ ဝိုင်ယာထိန်း ရှော့ဖြစ်ကာ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ လှိုင်သာယာမြို့နေ ဦးမျိုးမင်းအောင်(၄၀)နှစ် မောင်းနှင်သော လှိုင်သာယာမှ ဖျာပုံသို့ ပြေးဆွဲနေသည့် ခရီးသည်တင် ကက(ကယ်ဒီနာ)ယာဉ်သည် ခရီးသည် ၄ ဦး တင်ဆောင်လျက် လှိုင်သာယာမှ ဖျာပုံသို့ မောင်းနှင်လာစဉ် မိုင်တိုင်အမှတ် ၄ မိုင် ၃ ဖာလုံနှင့် ၄ ဖာလုံကြား ဒေးဒရဲမြို့နယ်၊ လေးအိမ်ကုန်းကျေးရွာအရောက်တွင် ကားရှေ့အင်ဂျင်ခန်းထဲမှ ဝိုင်ယာထိန်းရှော့ဖြစ်ကာ မီးလောင် ကျွမ်းခဲ့ကြောင်းသိရသည်။

မီးလောင်ရာသို့ မြို့နယ်မီးသတ်ဦးစီးဌာနက မီးသတ်ယာဉ် ၂ စီး ရောက်ရှိလာပြီး မီးငြှိမ်းသတ်ရာ ၁၁ နာရီ ၂၀ မိနစ်တွင် မီးငြိမ်းခဲ့သည်။ မီးလောင်မှုကြောင့် ယာဉ်ပေါ်ပါ ယာဉ်မောင်းနှင့် ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း မြို့နယ် ပြန်/ဆက်မှ သိရသည်။

MDN

 

mdn