မိုးကောင်း ၁၆ မတ် 

 

ချင်ပြည်နယ် မိုးကောင်းမြို့နယ် မရမ်ကထောင်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ မတ် ၁၅ ရက် မွန်းလွဲ ၂ နာရီခွဲက ခရီးသယ်တင်မော်တော်ယာဉ်ဖြင့် တင်ဆောင်လာသည့် ပယင်းအရိုင်းတုံးများ သိမ်းဆည်းရမိခဲ့ကြောင်း မိုးကောင်းမြို့မရဲစခန်းမှ သိရသည်။

 

ဖြစ်စဉ်မှာ မိုးကောင်းမြို့မရဲစခန်းမှ ဒုတိယရဲအုပ် သျှားသက်အောင် ဦးစီးတပ်ဖွဲ့ဝင်များသည် မရမ်ကထောင်စစ်ဆေးရေးဂိတ် တာဝန်ရှိသူများနှင့် ပူးပေါင်းလျက် ယာဉ်အဝင်အထွက်များ စစ်ဆေးဆောင်ရွက်စဉ် တနိုင်းဘက်မှ မြစ်ကြီးနားမြို့ဘက်သို့ စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နေ ခင်မောင်ဝင်း(၄၇)နှစ် မောင်းနှင်ပြီး ယာဉ်နောက်လိုက် ဘိုဘို(၁၉)နှစ် လိုက်ပါလာသည့် ယာဉ်အမှတ်-IC/---- နံပတ်တပ်ဆင်ထားသည့် "မြင့်မြတ်သူ" ခရီးသည်တင်မှန်လုံယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် ဆာလာအိတ်ဖြင့်ထည့်ထားသည့် ပယင်းအရိုင်းတုံးများအား သိမ်းဆည်းရမိခဲ့သည်။

 

အဆိုပါ ပယင်းအရိုင်းတုံးများမှာ ယာဉ်ပေါ်တွင်စီနင်းလိုက်ပါလာသည့် မဂူလူမီး(၅၀)နှစ်၊ဒေါ်စန်းစန်းအေး(၅၃)နှစ်၊ ဒေါ်ကျော့ကျော့ခိုင်(၄၀)နှစ်တို့ ပိုင်ဆိုင်သည့် ပစ္စည်းများဖြစ်ပြီး စုစုပေါင်း ပယင်းအရိုင်း ၁၇ ထုပ်မှ အလေးချိန် ၁၂ ပိဿာ ၇၅ ကျပ်သား၊ ပယင်းခေါင်းအုံး ၁၂ လုံးမှာ ၁ ပိဿာ ၂၀ ကျပ်သားတို့ဖြစ်ပြီး ပယင်းများ တရားမဝင်သယ်ဆောင်လာသူ ယာဉ်မောင်း ခင်မောင်ဝင်း အပါအဝင် ငါးဦးအား မိုးကောင်းမြို့မရဲစခန်းတွင် ကျောက်မျက်ဥပဒေပုဒ်မဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

 

ဝင်းနိုင်(ကချင်မြေ)

 

received_10