မကွေး၊ ၆ ဒီဇင်ဘာ
မကွေးမြို့၊ ခရီးသည်တင် အဝေးပြေးကားကြီးကွင်းတွင် တိုင်းအတွင်းနှင့် တိုင်းပြင်ပသို့ ပြေးဆွဲနေကြသည့် ခရီသည်တင် ယာဉ်လိုင်းဂိတ် (၁၀၀) ကျော်ရှိပြီး ခရီးသည်တင်ကားပိုင်ရှင်များမှာ ကိုဗစ်ကာလ၏ စီပွားရေးကုစားမှုအစီအစဉ်၌ မပါဝင်၍ အခက်အခဲများစွာဖြစ်ပေါ်နေကြောင်း ယာဉ်လိုင်းပိုင်ရှင်များထံ က သိရသည်။
ယာဉ်လိုင်းအများစုမှာ ယာဉ်အိုယာဉ်ဟောင်း လဲလှယ်အပ်နှံရသည့် နိုင်ငံတော်မူဝါဒကြောင့် လည်းကောင်း၊ စီးပွားရေး ရင်းနှီးမြှုပ်နှံခြင်းကြောင့်လည်းကောင်း ကားအသစ်များကို ဘဏ်ချေးငွေများဖြင့် ဝယ်ယူခဲ့ကြပြီးနောက် ကိုဗစ်ကာလ၌ ဝင်ငွေမရှိသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည့် အချိန်ဖြစ်သည်။
“အခြားလုပ်ငန်းရှင်တွေလို ကိုဗစ်ကာလစီးပွားရေးကုစားမှု အစီအဉ်မှာ ပါဝင်ခွင့်ရဖို့ မကွေးမြို့ကို အခြေပြုတဲ့ မော်တော်ယာဉ်လိုင်း ၂၀ ကျော်က ချေးငွေးတွေ လျှောက်ထားခဲ့ပါတယ်။ ဒီနေ့ထိတော့ မရရှိသေးပါဘူး။ ချေးငွေတွေနဲ့ အရစ်ကျဝယ်ထားကြတဲ့ ကားပိုင်ရှင်တွေအနေနဲ့ ဝင်ငွေမရှိတော့ မိသားစုစားဝတ်နေရေးဆိုတာ အသာထားဦး။ ချေးငွေဆပ်ဖို့ကို အခက်အခဲ ဖြစ်နေရပါတယ်။ ဘဏ်ကတရားစွဲရင်တောင် ခံရမှာပါ” ဟု ပန်းတိုင်ခရီးသည်တင်ဂိတ် ပိုင်ရှင် ဦးမြင့်စိုး က ပြောသည်။
ယာဉ်လိုင်းများ ဝင်ငွေမရှိသည့်အတွက် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ၊ ဝန်ထမ်းများနှင့် ၎င်းတို့၏ မိစားစုဝင်များမှာလည်း ကိုဗစ်ကာလရှည်ကြာလာသည်နှင့်အမျှ စားဝတ်နေရေးအခက်အခဲများ ဖြစ်ပေါ်နေကြောင်း ရွှေမန်းသူ ဂိတ်မှူး ဦးအောင်စိုးဦး က ဆိုသည်။
၂၀၂၀ ခုနှစ် မတ်လမှစ၍ ကပ်ရောဂါအခြေအနေများကြောင့် ခရီးသည်တင်ယာဉ်လိုင်းများ ရပ်နားထားခဲ့ရပြီး လတ်တလောတွင် တိုင်းအတွင်းပြေးဆွဲခွင့်ရရှိထားကြောင်း၊ ကျန်းမာရေးစစ်ဆေးမှုခံယူပြီးမှ ယာဉ်များကိုထွက်ခွာစေပြီး မကွေးမြို့အဝင်ရှိ ကုန်တင်ယာဉ်ရပ်နားစခန်း၌ တစ်ရက်လျင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၇၀ ဦးကို RDT အမြန်စစ် ကိရိယာဖြင့် စစ်ဆေးပေးနေကြောင်း မကွေးမြို့နယ်၊ ပုဂ္ဂလိကပိုင်လုပ်ငန်းသုံး မော်တော်ယာဉ်လိုင်းများ ကြီးကြပ်ရေးကော်မတီ က သိရသည်။
ဇေယျတု(မကွေး)


