မြိတ် ၂၃ ဇွန်

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် တိုင်းဒေသကြီး ပြင်ပခေတ္တရပ်နားထားသော ခရီးသည်တင်ယာဉ်လိုင်းများကို ဇွန် ၅ ရက်မှစတင်ကာ မြိတ်မြို့ အဝေးပြေးကားဝင်းမှ မြိတ်-ရန်ကုန် ခရီးသည်တင်ယာဉ်လိုင်းများ ပြန်လည်ပြေးဆွဲနေသော်လည်း လက်ရှိတွင် ခရီးသည်စီးနင်းသူ နည်းပါးနေကြောင်း မြိတ်မြို့နယ် ပြဂ္ဂလိကယာဉ်များပြေးဆွဲရေး လုပ်ငန်းထိန်းသိမ်းကြီးကြပ်ရေး ကော်မတီမှ သိရသည်။   

 

“ခရီးသွားမယ့် ခရီးသည်တွေက ရပ်ကွက်ထောက်ခံစာ၊ ကျန်းမာရေးထောက်ခံစာ ယူလာရပါ့မယ်။ ဈေးနှုန်းက နှစ်ခုံမှာတစ်ယောက်ပဲ ထိုင်ရတယ်ဆိုတော့ မြိတ်-ရန်ကုန် ယခင်က (၂၃၅၀၀) ယခု တစ်ယောက် (၃၃၅၀၀)ပါ။ တိုင်းဒေသကြီးမှ ကိုဗစ်ကာလမှာ ရောဂါကာကွယ်တဲ့အနေနဲ့ နှစ်ခုံတစ်ယောက်နှုန်းနဲ့ တင်တဲ့ခရီးသည်လည်း (၅၀)ရာခိုင်နှုန်းပဲ တင်ရမယ် သတ်မှတ်ထားလို့ (၅၀)ရာခိုင်နှုန်းပဲ တင်ပါတယ်” ဟု ပုဂ္ဂလိကယာဉ်များပြေးဆွဲရေး လုပ်ငန်းထိန်းသိမ်းကြီးကြပ်ရေး ကော်မတီမှ တာဝန်ရှိသူတစ်ဉီးက ပြောသည်။

 

ခရီးသည်တင်ယာဉ်လိုင်းများကို စည်းကမ်းသတ်မှတ်ချက်နှင့်အညီ တိုင်းဒေသကြီးပြင်ပ ခရီးသည်တင်ယာဉ်များ ပြန်လည်ပြေးဆွဲခွင့်ပြုရာ၌ ယာဉ်အားလုံး မူလတင်ဆောင်နိုင်သည့် ခရီးသည်ဦးရေ၏ တစ်ဝက်သာတင်ဆောင်ရန်၊ ခရီးသည်၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ အဝေးပြေးကားဝင်းတွင် သတ်မှတ်အကွာအဝေးအတိုင်းသာ ထိုင်ရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း သိရသည်။

 

“ကိုဗစ်မဖြစ်ခင်က မြိတ်အဝေးပြေးကွင်းကို တစ်နေ့ အနယ်နယ်အရပ်ရပ်ခရီးသည် (၅၀၀) နီးပါးခန့် ဝင်ရောက်မှုရှိပါတယ်။ ယခု ဇွန် ၅ ရက်နေ့စဖွင့်တဲ့အချိန်ကနေ ယခုအချိန်အထိကို ခရီးသည့် (၁၀၀) နီးပါးခန့်လာပါတယ်။ တိုင်းကျော်ခရီးသည် ဝင်ရောက်မှုကတော့ ဖေဖေါ်ဝါရီလက ၉၀၀၀ ကျော်ခန့် ဝင်ရောက်မှုရှိခဲ့ပါတယ်။ ယခုဇွန် ၅ ရက်နေ့ကနေ ဇွန် ၁၄ ရက်နေ့အထိ တိုင်းကျော်ခရီးသည်ဝင်ရောက်မှုက ၁၆၀၀ နီးပါးခန့်ပဲ ဝင်ရောက်မှုရှိပါတယ်။ ယခင်ကထက် ခရီးသည်စီးနင်းမှု နည်းသွားပါတယ်”ဟု အဆိုပါကော်မတီမှ တာဝန်ရှိသူတစ်ဉီးက ပြောသည်။

 

ခရီးသည်တင် ယာဉ်လိုင်းများအားလုံးကို ခရီးသွားပြည်သူများ ခရီးသွားလာမှု အဆင်ပြေစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စည်းကမ်းသတ်မှတ်ချက်နှင့်အညီ ဇွန်လ ၅ ရက်နေ့က တိုင်းဒေသကြီး ပြင်ပခရီးသည်တင်ယာဉ်များ ပြန်လည်ပြေးဆွဲခွင့် ပြုလိုက်ကြောင်း မြိတ်မြို့နယ် ပုဂ္ဂလိကယာဉ်များပြေးဆွဲရေး လုပ်ငန်းထိန်းသိမ်းကြီးကြပ်ရေး ကော်မတီမှ သိရသည်။ 

 

“တနင်္သာရီတိုင်းဒေသကြီးမှာ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ယာဉ်အသင်းများ၊ ယာဉ်လုပ်သားများမှ အားကြိုးမာန်တက် ဆောင်ရွက်နေချိန်မှာ ခရီးသွားပြည်သူများကလည်း မိမိသွားလိုရာခရီးကို အချိန်မီရောက်ရှိနိုင်ရေးအတွက် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်း ဉပဒေနှင့်အညီ သွားလာစေချင်ပါတယ်။ ယာဉ်မောင်းသမားများကလည်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်များနှင့်အညီ တစ်ဦးနှင့်တစ်ဦး ညှိနှိုင်းပေါင်းစပ်သွားလာရင် တနင်္သာရီတိုင်းဒေသကြီးမှာ ခရီးသွားလာမှုအဆင်ပြေပြီး ကိုဗစ်-၁၉ ရောဂါလည်း ကြိုတင်ကာကွယ်နိုင်မယ်လို့ ယူဆပါတယ်” ဟု မြိတ်မြို့နယ် ပုဂ္ဂလိကယာဉ်များပြေးဆွဲရေး လုပ်ငန်းထိန်းသိမ်းကြီးကြပ်ရေးကော်မတီ ဉက္ကဋ္ဌ ဦးအောင်သင်းမောင်က ပြောသည်။

 

“ကိုဗစ်ကြောင့် ခရီးသည်အလာနည်းလာတာရယ်၊ ကားခကလည်း အရင်ကထက်ဈေးကြီးတယ်၊ အလုပ်အကိုင်ကလည်း မရှိတော့ ခရီသွားဖို့အခက်အခဲ အများကြီးရှိပါတယ်" ဟု ရန်ကုန်မြို့မှ ခရီးသွားအမျိုးသားတစ်ဉီးက ပြောသည်။

 

မြိတ်မြို့တွင် ခရီးသည်တင်ယာဉ်လိုင်းများ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စတင်ပြေးဆွဲလျက်ရှိကြရာ ခရီးသည်တင်ယာဉ်များတွင် သတ်မှတ်ဦးရေထက် ပိုမိုတင်ဆောင်ပါက ပုဂ္ဂလိကယာဉ်များပြေးဆွဲရေး လုပ်ငန်းထိန်းသိမ်းကြီးကြပ်ရေးကော်မတီသို့ တိုင်ကြားနိုင်ကြောင်း၊ မြိတ်မြို့အဝေးပြေးကားဝင်းကြီးသို့ ဆိုက်ရောက်ထွက်ခွာလျက်ရှိသည့် ယာဉ်လိုင်းများတွင် တိုင်းဒေသကြီး ပြင်ပမှ ဆိုက်ရောက်ထွက်ခွာ ယာဉ်လိုင်း (၂၅)သင်းနှင့် တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော ယာဉ်လိုင်း(၄၀)သင်း၊ စုစုပေါင်းယာဉ်လိုင်းအသင်း (၆၅) သင်းရှိကြောင်း အဆိုပါကော်မတီမထံမှ သိရသည်။

 

မြင့်ဉီး(မြိတ်)