ခရီးသည်ယာဉ်တစ်စီး တိမ်းမှောက်မှုကြောင့် (၃)ဦးသေ၊ (၁၈)ဦးဒဏ်ရာရ

နေပြည်တော် ၂ မတ် 

 

မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ဖောင်ရိုးကျေးရွာအနီး ပုသိမ်-ရန်ကုန်ကားလမ်း မိုင်တိုင်(၃၆/၂-၃)ကြား၌ မတ် ၁ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က အင်္ဂပူမှ ရန်ကုန်သို့ ဟင်္သာတမြို့နယ်၊ ကြက်တူရွေးကျေးရွာနေ သက်ဝေ(၄၂)နှစ် မောင်းနှင်ပြီး ယာဉ်နောက်လိုက် ကင်ပွန်းချောင်းကျေးရွာနေ စောဖောအယ်ဝါး (၃၀)နှစ်ပါ (၂၁)ဦး လိုက်ပါလာသည့် 7M/×××× Minibus ခရီးသည်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်သို့ တိမ်းမှောက်ခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။


    
ထိုသို့တိမ်းမှောက်မှုကြောင့် စောဖောအယ်ဝါး ပါ(၃)ဦးတွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး လှည်းကူးမြို့နယ်နေ ဒေါ်နော်စောရေ (၆၄)နှစ်ပါ (၁၈)ဦးတို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် သက်ဝေအား ချောင်းကြီးနယ်မြေရဲစခန်း ယာဉ်(ပ)၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇/၃၃၈/၂၀၂ ဖြင့် အရေးယူထားကြောင်း သိရှိရသည်။

 

MDN