ရန်ကုန် ၁၇ ဇွန်
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် မြန်မာ့မီးရထားမှ နယ်ဝေးရထားပြေးဆွဲမှုကို ဧပြီလမှစတင်ကာ လျှော့ချခဲ့ပြီး ညမထွက်ရ ကန့်သတ်ချက်ကြောင့် ရန်ကုန်-မန္တလေး ရထားခရီးစဉ်အချိန်ကို ပြောင်းလဲပြေးဆွဲခဲ့သည်။
ယခုအခါ ဇွန် ၁၆ ရက်မှစတင်၍ ခရီးဝေးရထားများကို တိုးချဲ့ပြေးဆွဲမှာဖြစ်ပြီး ရန်ကုန်-မန္တလေး ရထားခရီးစဉ်တွင် အမှတ်(၅) အဆန်ရထားသည် ရန်ကုန်ဘူတာကြီးမှ မွန်းလွဲ ၃ နာရီတွင် ထွက်ခွာ၍ မန္တလေးဘူတာကြီးသို့ နောက်တစ်နေ့နံနက် ၇ နာရီတွင် ရောက်ရှိမည်ဖြစ်သည်။ ထို့ပြင် အမှတ်(၆) အစုန်ရထားသည် မန္တလေးဘူတာကြီးမှ မွန်းလွဲ ၃ နာရီတွင် ထွက်ခွာ၍ ရန်ကုန်ဘူတာကြီးသို့ နောက်တစ်နေ့နံနက် ၇ နာရီခွဲတွင် ရောက်ရှိမည်ဖြစ်သည်။
ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်တွင် အမှတ်(၈၁) အဆန်ရထားသည် ရန်ကုန်ဘူတာကြီးမှ ည ၈ နာရီ ၁၅ မိနစ်တွင် ထွက်ခွာ၍ မော်လမြိုင်သို့ နောက်တစ်နေ့နံနက် ၆ နာရီခွဲတွင် ရောက်ရှိမည်ဖြစ်ပြီး အမှတ်(၈၂) အစုန်ရထားသည် မော်လမြိုင်ဘူတာမှ ည ၈ နာရီတွင် ထွက်ခွာ၍ နောက်တစ်နေ့နံနက် ၅ နာရီ ၄၅ မိနစ်တွင် ရန်ကုန်ဘူတာကြီးသို့ ရောက်ရှိမည်ဖြစ်သည်။
ရန်ကုန်-ပြည် ရထားခရီးစဉ်ဖြစ်သည့် အမှတ် (၇၁) အဆန်ရထားသည် ရန်ကုန်ဘူတာကြီးမှ မွန်းလွဲ ၁ နာရီတွင် ထွက်ခွာ၍ ပြည်ဘူတာသို့ ည ၈ နာရီ ၄၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်ပြီး အမှတ် (၇၂) အစုန်ရထားသည် ပြည်ဘူတာမှ ည ၁၀ နာရီခွဲတွင် ထွက်ခွာ၍ ရန်ကုန်ဘူတာကြီးသို့ နောက်တစ်နေ့နံနက် ၆ နာရီ ၁၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်သည်။
မန္တလေး-မြစ်ကြီးနား ခရီးစဉ်တွင် အမှတ် (၅၇) အဆန်ရထားသည် မန္တလေးဘူတာကြီးမှ နံနက် ၈ နာရီ ၄၅ မိနစ်တွင် ထွက်ခွာ၍ မြစ်ကြီးနားဘူတာသို့ နောက်တစ်နေ့နံနက် ၄ နာရီတွင် ရောက်ရှိပြီး အမှတ် (၅၈) အစုန်ရထားသည် မြစ်ကြီးနားဘူတာမှ ညနေ ၄ နာရီတွင် ထွက်ခွာ၍ မန္တလေးဘူတာကြီးသို့ နောက်တစ်နေ့ နံနက် ၁၁ နာရီတွင် ရောက်ရှိမည်ဖြစ်သည်။
ခရီးဝေးရထားများ စီးနင်းကြမည့် ခရီးသည်များသည် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် လူစုလူဝေး မဖြစ်ပေါ်စေရန်နှင့် Social Distancing (နေရာခြား၍ထိုင်စေရန်) အတွက် နှစ်ယောက်တွဲထိုင်ခုံများတွင် တစ်ယောက်သာ စီးနင်းရမည်ဖြစ်ပြီး ရထားလက်မှတ်ဈေးနှုန်းမှာ ပြောင်းလဲခြင်းမရှိကြောင်း သိရသည်။
အောင်သူရ


