မိုးမိတ်  ၂၉   ဇွန်

 

ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် ခရိုင်အဆင့်ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာကော်မတီအစည်းအဝေးကို  ယနေ့ နံနက်ပိုင်းက ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

အခမ်းအနားတွင်  ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှိုင်ထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူး ဒေါ်သူဇာသန်းက မိုးမိတ်ခရိုင်အတွင်း  ကလေးသူငယ်များအပေါ် ကာကွယ်စောင့်ရှောက်မှုလုပ်ငန်းများ ၊ သက်ငယ်မုဒိန်း ကျူးလွန်ခံရသည့် မိန်းကလေးငယ်များအပေါ် လူမှုဝန်ထမ်းဦးစီးဌာန၏ ကူညီပံ့ပိုးစောင့်ရှောက်ပေးနေမှုများ အပေါ်ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများက ပြန်လည်ဖြည့်စွက် ဆွေးနွေးကြသည်။

 

ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီသည် ကလေးသူငယ်အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်း ၊အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ ကလေးသူငယ်များ ပြစ်မှုမကျူးလွန်စေရေးအတွက် ကြိုတင်ကာကွယ်သည့် အစီအမံများကို ကော်မတီအစည်းအဝေးဖြင့် ကလေးသူငယ်အပေါ် အကြမ်းဖက်မှုဆိုင်ရာ ကိစ္စရပ်များကို ကော်မတီ အစည်းအဝေးဖြင့် ဆုံးဖြတ်ဆောင်ရွက်ခြင်း၊ ကလေးသူငယ်များ၏ အကျိုးအတွက်  ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းပုဂ္ဂိုလ်များ၏ အကူအညီရယူ၍ ပူးပေါင်းဆောင်ရွက်ခြင်းများ၊ ပြန်လည် ထူထောင်ရေးနှင့် ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးအပြင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေရှည်တည်တံ့မှုရှိသည့် လူမှုကာကွယ်စောင့်ရှောက်ရေး နည်းလမ်းများဖြင့် ဝန်ဆောင်မှုပေးနိုင်ရေး ဆောင်ရွက်လျက်ရှိ ကော်မတီတစ်ခုဖြစ်ကြောင်း သိရသည်။

 

 မိုးမိတ်သား(စည်သူဌေး)