သရက် ၁၁ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ခရိုင်အဆင့် မြစိမ်းရောင် ကျေးရွာစီမံကိန်း သုံးသပ်ပွဲနှင့် စံပြကျေးရွာ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကံမြင့်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးဇော်မိုးအောင်တို့မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး သရက်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတိုးကြည်က ခရိုင်အဆင့် စံပြကျေးရွာဆု ရွေးချယ်ရခြင်းနှင့် ဆုရရှိသည့် ကျေးရွာများ၏ မြစိမ်းရောင်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုများကို ပါဝါပွိုင့်ဖြင့် ရှင်းလင်း တင်ပြခဲ့သည်။

ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသည့် လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီဝင်များ၊ မြို့နယ် ခြောက်မြို့နယ်မှ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးများနှင့် ကျေးရွာ ကော်မတီဝင်များမှ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ အကြံပြု ဆွေးနွေးသုံးသပ်ခဲ့ကြသည်။
ထို့နောက် စံပြုကျေးရွာဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ဆောင်ရွက်ခဲ့ရာ ပထမ ဆုကို မင်းလှမြို့နယ် ပေတောကန္နားအုပ်စု၊ သဖန်းချောင်းကျေးရွာ၊ ဒုတိယဆုကို သရက်မြို့နယ် အင်းမငယ် အုပ်စု၊ ပေါက်ပင်ကျေးရွာနှင့် တတိယဆုကို ကံမမြို့နယ် ကျွန်းကလေးအုပ်စု၊ အုတ်ဖိုကျေးရွာမှ အသီးသီးရရှိခဲ့ပြီး မင်းတုန်းမြို့နယ် ပြောင်းပြာအုပ်စု၊ ပြောင်းပြာကျေးရွာ၊ အောင်လံမြို့နယ် တောင်နံ့သာအုပ်စု၊ ဘို့လည်မြစ်နားကျေးရွာနှင့် ဆင်ပေါင်ဝဲမြို့နယ် ကျောက်ဆောင်စမ်းအုပ်စု၊ စည်ပင်လှ ကျေးရွာတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ဆုဝေထွန်း(သရက်)